ကယ်လီဖိုးနီးယားမှာ လူတဆယ်ဦးကို ပစ်သတ်သွားတဲ့ တရားခံကို သေဆုံးလျက်သား ရှာတွေ့

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လူ ၁၀ ဦးကို ပစ်ခတ် သတ်ဖြတ်သွားတဲ့ သေနတ်သမားကို သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီ ၂၂ ရက်က မွန်ထရီ ပန်းခြံမှာရှိတဲ့ အက စတူဒီယိုထဲမှာ အသက် ၇၂ နှစ်အရွယ် အမျိုးသား ဟူချန်ထရန်က လူပေါင်း ၁၀ ယောက်ကို ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ တရုတ် နှစ်သစ်ကူးကာလ အစုလိုက် လူသတ်ပွဲ အပြီးမှာတော့ ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တရားခံကို အင်အား အလုံးအရင်း အသုံးပြုပြီး ဖြန့်ကျက် ရှာဖွေခဲ့ပါတယ်။ 

မွန်းလွဲပိုင်း အရောက်မှာတော့ ကားပါကင် နေရာတစ်ခုမှာ လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီး သွားရောက် စစ်ဆေးတဲ့အခါ ထရန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ သူဘာကြောင့် အခုလို ရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးကြောင်း လော့စ်အန်ဂျလိစ်ခရိုင် ရဲတပ်ဖွဲ့ဝင် ရောဘတ် လျူနာက ပြောပါတယ်။ 

ဒီလို ဆိုးရွားလှတဲ့ မှုခင်းကြီး ဘယ်လိုဘယ်ပုံ ဖြစ်ပွားခဲ့သလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ် သိရှိနိုင်ဖို့ ဆက်စုံစမ်းနေဆဲလို့လည်း သူက ဆိုပါတယ်။ Star အက စတူဒီယိုထဲမှာ မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရဲတွေက တရားခံကို ပိုက်စိပ်တိုက်ပြီး ဖြန့်ကျက် ရှာဖွေခဲ့ပါတယ်။ ထရန်ရဲ့ လက်ချက်ကြောင့် လူ ၁၀ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

ထရန်ဟာ ပစ်ခတ်မှု အပြီးမှာ အယ်လ်ဟမ်ဘရာနားက နောက်ထပ် ခန်းမတစ်ခုဆီ လမ်းလျှောက် ဝင်လာပြီး လူ ၂ ဦးကို ထပ်မံ ပစ်သတ်ဖို့ ကြံစည်ခဲ့ကြောင်း၊ ဒါပေမဲ့ ခန်းမထဲမှာ ရှိနေသူတွေက သူ့ကို ဝိုင်းချုပ်ဖို့ ကြိုးစားပြီး သေနတ်ကို လုယက် ဖယ်ရှားနိုင်ခဲ့ကြောင်း၊ အဲဒီ အချိန်ကတည်းက တရားခံဟာ ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း ရဲတွေက ပြောပါတယ်။ 

မွန်းလွဲပိုင်းမှာတော့ ဗင်ကား တစ်စီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေသူ တစ်ဦးကို အထူး ရဲကွန်မန်ဒို အဖွဲ့တွေက ရှာတွေ့ခဲ့ကြပါတယ်။ သေဆုံးသူဟာ ထရန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တဲ့နောက် ဗင်ကားထဲမှာ သူကျူးလွန်တဲ့ အမှုနဲ့ ဆက်စပ်တဲ့ တခြား အထောက်အထားတွေကို ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ နောက်ထပ် ကြံရာပါ မရှိဘူးလို့ အတည်ပြုနိုင်ကြောင်း လျူနာက ဆိုပါတယ်။ 

ဒေသခံတွေက ထရန်ဆီက လုယူထားနိုင်ခဲ့တဲ့ သေနတ်ဟာ ဆီမီး အော်တိုမက်တစ် ပစ္စတို တစ်လက်ဖြစ်ပြီး အပိုဆောင်း ကျည်အိမ် တပ်ဆင်ထားပါတယ်။ ကယ်လီဖိုးနီးယားမှာတော့ အဲဒီလို အပို ကျည်အိမ် တပ်နိုင်တဲ့ လက်နက်တွေကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။ 

ထရန်ဟာ အရပ် ၅ ပေ ၁၀ လက်မရှိတဲ့ အာရှတိုက်သား တစ်ဦးလို့ ရဲတွေက ဖော်ပြခဲ့ပြီး တရုတ် နှစ်သစ်ကူး ကာလမှာ ဘာကြောင့် အခုလို ဆိုးရွားတဲ့ အစုလိုက် လူသတ်မှုမျိုး ကျူးလွန်ခဲ့သလဲ ဆိုတာကို နားလည်ရ ခက်နေဆဲပါ။ လောလောဆယ်တော့ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိခဲ့သလား၊ ဒါမှမဟုတ် အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ အသားကျနေသူလား စတဲ့ နောက်ခံ အကြောင်းတရားတွေကို ဆက်ပြီး စုံစမ်းနေတယ်လို့ ကယ်လီဖိုးနီးယား လွှတ်တော်အမတ် ဂျူဒီချူးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။