တိုက်ပွဲကြောင့်မုံရွာကနေ ကလေးမြို့ကိုသွားတဲ့လမ်းပိတ်ထားလို့ ရက်သတ္တပတ်နီးပါးကားတွေပိတ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကလေးမြို့ကို သွားတဲ့ မဟာမြိုင်ကားလမ်းကို  တိုက်ပွဲအခြေအနေတွေကြောင့် လမ်းပိတ်ထားတာ  တပတ်နီးပါးကြာမြင့်နေပြီဖြစ်ပြီးလက်ရှိအချိန်ထိ လမ်းမှာကားတွေပိတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 တန့်ဆည်နဲ့ မဟာမြိုင်လမ်းဘက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းတွေပိတ်နေတာဖြစ်ပြီးပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့စပြီး လမ်းကိုပိတ်ထားတာဟာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်အထိလမ်းတွေပြန်မဖွင့်သေးဘူးလို့လည်း ခရီးသွားတွေကပြောပါတယ်။

 လက်ရှိကားတွေပိတ်နေတာကြောင့်  ကလေးဒေသကိုပို့မယ့် ကုန်ပစ္စည်းတွေလည်းလမ်းမှာပိတ်မိနေပြီး ပစ္စည်းပြတ်လပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ” ကွမ်းရွက်တွေလည်းပြတ်ပြီ။ လမ်းမှာပုတ်ကုန်ပြီလားတောင်မသိဘူး။ အောက်ပိုင်းကလာတဲ့မုန့်ပဲသရေစာနဲ့ ဖက်ကြမ်းဆေးလိပ်တွေလည်းပြတ်ပြီ။ ဝယ်မရတော့ဘူး” လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။

  တန့်ဆည်မြို့နယ်မှာ ခုရက်ပိုင်းအတွင်းစစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာပြီး မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း( ၇)တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကို မီဒီယာသတင်းအချက်အလက်တွေရသိရပါတယ်။

 တဖက်မှာလည်း ကလေး – မုံရွာ ကားလမ်းပိတ်နေတာကြောင့် ကားပေါ်မှာပါလာတဲ့ခရီးသည်တွေအခက်အခဲကြုံနေရသလို လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တချို့ဟာလည်း ကြာမြင့်စွာစောင့်ဆိုင်းနေကြရတယ်လို့ ကားသမားတဦးကဆိုပါတယ်။

 ” လမ်းဘယ်အချိန်ပွင့်မလဲဆိုတာကတော့ မပြောတတ်ဘူး။ လမ်းမကောင်းတာမျိုးမှမဟုတ်တာ” လို့ သူကပြောပါတယ်။

 ဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း  တိုက်ပွဲအခြေအနေကြား လမ်းပိတ်ဆို့မှုဖြစ်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ကားလမ်းပိတ်တာနဲ့ ကြာလာတဲ့အမျှ မဖြစ်မနေခရီးသွားလာရမယ့်သူတွေ၊ ခရီးသည်တင်တွေရဲ့မိသားစုဝင်တွေနဲ့ ကုန်ပစ္စည်းတွေပို့ဆောင်တဲ့သူတွေ အခက်အခဲတွေကြုံနေရတယ်လို့သိရပါတယ်။