ဒီနှစ်ထဲ ရွေကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် တိုင်းနဲ့ ပြည်နယ် သုံးခုက လဝကရုံး ကိုးရုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကတဆင့် ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ဟာခါးမြို့က ပြည်နယ်လဝက ဦးစီမှူးရုံးအပါအဝင် ကန်ပက်လက်နဲ့ တီးတိန်မြို့နယ်တွေက လဝကရုံးတွေ ၂၀၂၁ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တွေအတွင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက် မှာဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မြောင်၊ ဆာလင်းကြီးနဲ့ မြင်းမူမြို့နယ်က လဝကရုံး လေးခု နဲ့ မကွေးတိုင်း ထဲက မြိုင်၊ ရေစကြိုမြို့နယ် လဝကရုံး နှစ်ခုတို့လည်း အလားတူ တိုက်ခိုက်ဖျက်ဆီးခံရပါတယ်။
အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း တိုက်ခိုက်ဖျက်ဆီးခံရတဲ့ လဝကရုံးကိုးခုထဲက လေးခုဟာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူမှုစတင်တဲ့ အခုလအတွင်းမှာ ဖျက်ဆီးခံရတာပါ။
စစ်ကောင်စီဟာ ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လူဦးရေးစာရင်းကောက်ယူမှုတွေကို လဝကရုံးနဲ့ ထွေအုပ် ရုံးတွေကို အခြေတည်ပြီး ကွင်းဆင်းစာရင်းကောက်ယူမှုတွေကို စစ်တပ်နဲ့ ရဲ လုံခြုံရေးတွေနဲ့ ပြုလုပ် နေပါတယ်။
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့NUG အပါအဝင် နိုင်ငံအနှံအပြားက ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်ခံမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပဖို့ပူးပေါင်းပါဝင် ကူညီသူတွေကို အရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသလို တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ် နေကြပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေးစာရင်းကောက်ယူရာမှာ ဦးဆောင်ပါဝင်နေတယ်ဆိုတာကြောင့် အခု လအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ လဝကရုံးတွေ ဆက်တိုက်တိုက်ခိုက်ခံ နေရ သလို စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်က ထွေအုပ်ဝန်ထမ်း လေးဦးကိုလည်း ဒေသကာကွယ်ရေးတပ်က ဖမ်းဆီးခဲ့ပါတယ်။