အိမ်တော် လုံခြုံရေး တာဝန်ယူထားတဲ့ စစ်သားလေးဆယ်လောက်ကို ဘရာဇီး သမ္မတ ဖယ်ရှား

ကျူးကျော်သူတွေကို တံခါးဖွင့်ပေးတယ်လို့ စွပ်စွဲပြီး သမ္မတ အိမ်တော် လုံခြုံရေး တာဝန်ကျ စစ်သား အယောက် ၄၀ ကို ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားက ထုတ်ပယ်လိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက်က သမ္မတဟောင်း ဂျဲ ဘိုလ်ဆွန်နာရိုကို အားပေးထောက်ခံသူ လက်ယာစွန်း အမျိုးသားရေးဝါဒီ ၄၀၀၀ လောက်ဟာ ဘရာစေလီယာ မြို့တော်မှာရှိတဲ့ ဘရာဇီး လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီထဲက တချို့ဟာ လွှတ်တော်နဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့ သမ္မတ အိမ်တော်နဲ့ တရားရုံးချုပ်တို့ကိုပါ ကျူးကျော်ခဲ့ကြပါတယ်။

လူလာက အဲဒီလိုမျိုး အရေးကြီးတဲ့ နေရာ ၃ ခုကို ပိုင်စိုးပိုင်နင်း ဝင်ရောက်နိုင်ခဲ့တယ် ဆိုတာက ဘိုလ်ဆွန်နာရို ထောက်ခံသူတွေကို အတွင်းက ကူညီသူတွေ ရှိနေလို့ ဖြစ်တယ်လို့ လူလာက စွပ်စွဲပါတယ်။

ပလန်နယ်လ်တို နန်းတော် (သမ္မတ အိမ်တော်)ရဲ့ ဝင်းတံခါးဟာ ဖျက်ဆီးခံထားရတဲ့ အထောက်အထား မတွေ့ကြောင်း၊ တစ်နည်းအားဖြင့် အတွင်းက ဖွင့်ပေးလို့ ကျူးကျော်သူတွေ ဝင်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း လူလာက ပြောပါတယ်။ သူက စစ်တပ်ထဲမှာ လက်ယာစွန်း ဝါဒီတွေ ရှိနေတာကို သေချာ စိစစ်ဖို့ လိုတယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။

သူက သမ္မတ အိမ်တော်ရဲ့ လုံခြုံရေး တာဝန်ယူထားသူတွေ ထဲမှာကို ဘိုလ်ဆွန်နာရို ဘက်တော်သားတွေ ပါဝင်နေခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။ အိမ်ရှေ့မှာ ကိုယ့်ကို အချိန်မရွေး ပစ်သတ်နိုင်တဲ့သူတွေ ရှိနေတာကို သူ့အနေနဲ့ ဘယ်လိုများ စိတ်အေးလက်အေး နေနိုင်မှာလဲလို့လည်း လူလာက မေးခွန်းထုတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်က လွှတ်တော်ကို ကျူးကျော်ခဲ့မှုနဲ့ ပတ်သက်လို့ လူပေါင်း ထောင်ဂဏန်းလောက်ကို ရဲတပ်ဖွဲ့က ယာယီ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အခုအခါ ဒါဇင် အတော်များများကို တရားစွဲဆိုမှုတွေ စတင်နေပြီလို့လည်း သိရပါတယ်။