ယူကရိန်းကို NATO ရဲ့ စစ်လက်နက် တပ်ဆင်မှုတွေကြောင့် စစ်ပွဲက ပိုပြင်းထန်လာမယ်လို့ ရုရှား သတိပေး

​NATO မဟာမိတ် အဖွဲ့က ယူကရိန်းအတွက် စစ်လက်နက် တပ်ဆင်မှုတွေ အရှိန်မြှင့်လာရင် စစ်ပွဲဟာ လုံးဝဥဿုံ ခြားနားတဲ့ အဆင့်တစ်ခုဆီ ဦးတည်သွားလိမ့်မယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။ 

ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး အမေရိကန် အပါအဝင် NATO နိုင်ငံတွေက တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ တင်ပို့ကြဖို့ အကျေအလည် ညှိနှိုင်း ဆောင်ရွက်လာကြချိန်မှာ ကရင်မလင် နန်းတော်ဖက်က အခုလို ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ဗြိတိန်စစ်တပ်ဟာ သူတို့ရဲ့ အဓိက တိုက်ပွဲဝင် တင့်ကားတွေဖြစ်တဲ့ Challenger 2 ၁၄ စီးကို ယူကရိန်းဆီ ပေးပို့မယ်လို့ ကတိပြုထားပြီး ဂျာမနီ အစိုးရ အနေနဲ့လည်း နာမည်ကြီး Leopard 2 တင့်ကားကြီးတွေ ပို့ဆောင်ပေးဖို့ ဖိအားပေး ခံနေရပါတယ်။ ပိုလန်နဲ့ လစ်သူယေးနီးယားတို့လို နိုင်ငံတွေကလည်း သူတို့စစ်တပ်ရဲ့ ဂျာမန်လုပ် တင့်ကားတွေ ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ ဂျာမနီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။ 

ဒီအခြေအနေတွေမှာ ရုရှားဖက်က NATO အနေနဲ့ ယူကရိန်းကို အကြီးစား စစ်လက်နက်တွေ တပ်ဆင်ပေးရင် စစ်ပွဲက ပိုအရှိန်တက်လာမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်မျိုးက သိပ်ကို အန္တရာယ်များကြောင်း၊ တစ်နည်းအားဖြင့် လက်ရှိ ပဋိပက္ခကို နောက်တစ်ဆင့် မြှင့်ဖို့ ဆွဲတင်နေတာနဲ့ တူကြောင်း၊ ဒီအခြေအနေဟာ လုံခြုံရေး ရှုထောင့်ကကြည့်ရင် ဥရောပ အတွက်ရော၊ တစ်ကမ္ဘာလုံးအတွက် မကောင်းကြောင်း ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။ 

အမေရိကန်ဟာ ဂျာမနီမှာရှိတဲ့ ရမ်စတိန်း လေတပ်စခန်းမှာ မဟာမိတ် နိုင်ငံတွေကို စုစည်းပြီး ယူကရိန်းကို ဘယ်လို စစ်လက်နက်တွေ ပို့ဆောင်ပေးမလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်းရေး အစည်းအဝေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ကြီးမှူးမှာ ဖြစ်ပါတယ်။ 

အစောပိုင်းမှာ အမေရိကန် နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အန်တိုလီ အန်တိုနော့ဗ်က တကယ်လို့သာ စစ်မြေပြင်မှာ ယူကရိန်းက အနောက်နိုင်ငံလုပ် အကြီးစား စစ်သုံး ယန္တရားကြီးတွေ ထုတ်သုံးလာမယ်ဆိုရင် ရုရှားကလည်း ငြိမ်မနေဘဲ လိုအပ်သလို လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။

လတ်တလောမှာတော့ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ အဓိက တိုက်ပွဲဝင် တင့်ကားတွေ ယူကရိန်းဆီ လွှဲပေးဖို့ ခေါင်းမညှိတ်သေးပေမယ့်လည်း သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ တော်တော်များများ ပို့ဆောင်ပေးဖို့ကိုတော့ သဘောတူထားကြပြီး ဖြစ်ပါတယ်။