ရေဦးနယ်၊ ချမ်းသာရွာက စစ်ရှောင်နှစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

စစ်တပ်က လေးကြိမ်တိုင်တိုင်မီးရှို့ခဲ့တဲ့ စစ်ကိုင်း တိုင်း၊ရွှေဘိုခရိုင်၊ရေးဦးမြို့နယ်၊ချမ်းသာရွာက ဒေသခံစစ်ရှောင်နှစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်တွေထွက်သွားပေမယ့် နေရပ်ကိုမပြန်နိုင်သေးဘဲ နီးစပ်ရာ ဘုန်တော်ကြီးကျောင်းတွေမှာ နေထိုင်ကြရတယ်လို့ ရွာခံတွေက DNAကိုပြောပါတယ်။

“နေ့ခင်းပိုင်းမှာ ကိုယ့်ရွာကိုပြန်ပြီး သန့်ရှင်းရေးတွေလုပ်ကြရတယ်၊ဘုရားကျောင်းကြီးထဲသန့်ရှင်းရေးတွေလုပ်တယ်၊ညပိုင်းကျတော့ နီးစပ်ရာ ကျေးရွာလေးတွေသွားအိပ်ကြရတယ်”လို့ ချမ်းသာရွာ ဒေသခံတဦးကပြောပါတယ်။

ရေဦးမြို့နယ်၊ချမ်းသာရွာကို စစ်ကောင်စီတပ်တွေက လေးကြိမ်တိုင်မီးရှို့ဖျက်စီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးပြာကျခဲ့ပြီးဒေသခံစစ်ရှောင်တွေဟာ လက်ရှိမှာ လိုအပ်ချက်တွေများနေတယ်လို့ ပြောပါတယ်။

“လက်ရှိဆောင်းတွင်းလည်း ဆောင်းတွင်းဆိုတော့၊အကုန်လုံးလည်း(မီးထဲ) ပါသွားကြတယ်၊ဘာမှကိုမကျန်တော့ဘူး၊ခါးဝတ်ခါးစားနဲ့ပြေးရတဲ့သူနဲ့၊တချို့ကျတော့ စောင်လေးတစ်ထည်၊နှစ်ထည်နဲ့ပြေးရတဲ့သူနဲ့အိမ်တွေကတော့ အားလုံးပြာကျသွားတယ်ဆိုတော့ ဘာမှမရှိတော့ လိုအပ်ချက်တွေကများပါတယ်”လို့ ချမ်းသာရွာ ဒေသခံကပြောပါတယ်။

စစ်ကောင်စီက ချမ်းသာရွာကို ၂၀၂၂ခု နှစ်အတွင်း သုံးကြိမ်၊အထုလအတွင်းတကြိမ် စုစုပေါင်းလေးကြိမ်အထိ အကြိမ်ကြိမ်မီးရှို့ခဲ့တာကြောင့်ရွာထဲကနေအိမ်တွေအားလုံးနီးပြားမီးသင့်ပျက်စီးသွားသလို နှစ် (၁၃၀)နီးပါးသက်တမ်းရှိ သမိုင်းဝင် ခရစ္စယာန်ဘုရားကျောင်းလည်းပျက်စီးသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူ့အခွင့်အရေး ဝန်ကြီးဌာန၊ဝန်ကြီး ဦးအောင်မျိုးမင်းက တော့ ကျုးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ရေဦးနယ် မြောက်ခြမ်းက အင်တော၊မီးမောင်းကုန်းတို့အပါ အဝင် ကျေးရွာတချို့ကို ဆက်လက်စစ်ကြောင်းထိုး မီးရှို့နေတယ်လို့သိရပါတယ်။