မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်း နဲ့အစ်ဖြစ်သူ မဟေမာဦးတို့ မောင်နှမကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခဲ့တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလတုန်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဆရာဝန်၂ဦးအပါအဝင် ဖခင်ဖြစ်သူကို ဆေးခန်းအတွင်း အရပ်ဝတ်တွေနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲဒီနောက်ဖခင်ဖြစ်သူကိုတော့ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နဲ့ ဒေါက်တာအောင်အောင်ထွန်းကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့သလို ၁၄ ရက်နေ့မှာ အစ်မဖြစ်သူ မဟေမာဦးကို အဲဒီပုဒ်မနဲ့ပဲ ထောင်ဒဏ် နှစ် ၂၀ ချခဲ့တာလို့ ကျန်းမာရေးအသိုင်းအဝိုင်းကသိရပါတယ်။
” ထောင်ဒဏ်နှစ်ရှည်တွေချလိုက်တာ ဟုတ်တယ်။ CDM တွေကို အားပေးလို့ဆိုတဲ့ အငြိုးနဲ့ လုပ်လိုက်တာပါ ” လို့ ကျန်းမာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူရိယဆေးခန်းကို စစ်အာဏာသိမ်းမှုကိုအကြမ်းမဖက်အာဏာဖီဆန်တဲ့CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်လုပ်ခွင့်ပေးထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခုလိုဖမ်းဆီးထောင်ချသလို ဆေးခန်း ၃ခုကိုလည်းချိတ်ပိတ်ခဲ့ပါတယ်။
လက်ရှိအချိန် အထိလည်း စစ်အုပ်စုဟာ မန္တလေးမြို့မှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖိနှိပ်မှုတွေလုပ်နေသလို ပြင်ပဆေးရုံဆေးခန်းတွေမှာလည်း CDM တွေကို လက်မခံဖို့ ဖိအားပေးနေတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းကဆိုကြပါတယ်။
ဒါ့အပြင် မန္တလေးမှာ စစ်အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပက်သက်တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ပုဂ္ဂလိကဆေးရုံ ၁၀ ခုခန့်ကို ပိတ်သိမ်းခိုင်းထားပါတယ်။