အင်ဂျင်တလုံးတည်းနဲ့ သမုဒ္ဒရာ ဖြတ်ပျံခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်

သမုဒ္ဒရာ ရေပြင်ပေါ် ဖြတ်ပျံနေချိန် အရေးပေါ် အကူအညီ တောင်းခံခဲ့တဲ့ ခရီးသည်တင် လေယာဉ် တစီးဟာ ဩစတြေးလျနိုင်ငံမှာ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ 

ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၄၄ လေယာဉ်ဟာ ဇန်နဝါရီ ၁၈ ရက်က နယူးဇီလန်နိုင်ငံ၊ အုက္ကလန်မြို့ကနေ ဩစတြေးလျရဲ့ ဆစ်ဒနီမြို့ဆီ ဦးတည် ပျံသန်းခဲ့ပါတယ်။ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးတွေကြား ၃ နာရီခွဲကြာ ပျံသန်းတဲ့ ခရီးစဉ်မှာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ကို ဖြတ်ကျော်ရပါတယ်။

 အဲဒီနောက် Boeing 737-838 အမျိုးအစား လေယာဉ်ဟာ ပြဿနာတခု ကြုံတာကြောင့် အရေးပေါ် အကူအညီ လိုအပ်ကြောင်း လေယာဉ်မှူးက လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လေယာဉ်မှူးက ချက်ချင်း အကူအညီ လိုတယ်ဆိုတဲ့ အကြောင်းကြားမှုကနေ အကူအညီ လိုကောင်းလိုနိုင်တယ်ဆိုတဲ့ အခြေအနေဆီ အဆင့်လျှော့လိုက်ပြီး လေယာဉ်ကို ဆက်လက် ထိန်းကျောင်း ပျံသန်းနိုင်ခဲ့ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်နှစ်လုံးမှာ တစ်လုံးက ပြဿနာ ဖြစ်ခဲ့တာလို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

 နောက်ဆုံးမှာတော့ ဆစ်ဒနီ နိုင်ငံတကာ လေဆိပ်ကို လေယာဉ် ချောချောမောမော ဆိုက်ရောက်ခဲ့ပြီး လိုက်ပါလာသူ ၁၄၅ ဦးစလုံး အန္တရာယ် ကင်းရှင်းခဲ့ပါတယ်။ လေယာဉ်မှူးဟာ လေယာဉ်အင်ဂျင် တလုံးကို စက်ရပ်နားပြီး ပျံသန်းခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

 ပျံသန်းနေရင်း အင်ဂျင်ပိတ်ထားရတဲ့ အခြေအနေမျိုးက ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုနိုင်ကြောင်း၊ ခရီးသည်တွေက စိုးရိမ် စိတ်ပူခဲ့ကြပေမယ့် လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးတွေဟာ အတွေ့အကြုံ အရမ်းရင့်ကျက်သလို လေယာဉ်ရဲ့ ဒီဇိုင်းကိုလည်း အင်ဂျင်တစ်လုံးတည်းနဲ့ ကြာကြာပျံနိုင်အောင် တည်ဆောက်ထားတာကြောင့် ဒီအခက်အခဲကို ကျော်လွှားနိုင်ခဲ့ကြောင်း Qantasက ကြေညာပါတယ်။

 ခရီးသည် တချို့ကတော့ အင်ဂျင်တလုံး ရပ်လျက်သားနဲ့ လေယာဉ် ဆက်ပျံနေတယ် ဆိုတာကို မသိခဲ့ကြောင်း ဆစ်ဒနီ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ် အမှုထမ်းတွေက ခရီးသည်တွေ လေယာဉ်က ဆင်းတဲ့အချိန်မှာ အဲဒီကိစ္စကို အသိပေးခဲ့ကြပါတယ်။ ဒါပေမဲ့ လေဆိပ်မှာတော့ အရေးပေါ် ရွှေ့ပြောင်းရေးနဲ့ ကယ်ဆယ်ရေး အစီအစဉ်​တွေ အသင့်ပြင်ထားသလို မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေ၊ ရဲကားတွေ တန်းစီစောင့်နေခဲ့ကြပါတယ်။

 Strategic Aviation Solutionsရဲ့ ဥက္ကဋ္ဌဖြစ်သူ နီးလ်ဟန်းဖို့ဒ်က Boeing 737တွေဟာ အင်ဂျင် တလုံးတည်း ရှိရင်တောင် မြန်မြန် ပျံသန်းနိုင်သလို ချောချောမွေ့မွေ့ ဆင်းသက်နိုင်အောင် တည်ဆောက်ထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။