နိုင်ပွဲဆက်မှု ရပ်သွားတဲ့အတွက် ကိုယ့်ကိုယ်သာ အပြစ်တင်ရမယ်လို့ တန်ဟက်ဂ်ဝန်ခံ

နိုင်ပွဲဆက်နေမှု ရပ်တန့်သွားတာနဲ့ ပတ်သက်လို့ သူ့အသင်းဟာ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ​ဝန်ခံခဲ့ပါတယ်။

ပြိုင်ပွဲပေါင်းစုံ ၉ ပွဲဆက် အနိုင်ရပြီး ပုံစံကောင်း ပြသနေတဲ့ ယူနိုက်တက်ဟာ ဇန်န​ဝါရီ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲကို တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး နောက်ဆုံး မိနစ်ပိုင်းမှာ ပဲလေ့စ် ကစားသမား မိုက်ကယ် အိုလီဆီရဲ့ လှပသေသပ်တဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကနေ ချေပဂိုး ပေးလိုက်ရပါတယ်။

အခုပွဲစဉ်မှာ ယူနိုက်တက်အတွက် တိုက်စစ်မှူးသစ် ဝုထ်ဝက်ဂ်ဟော့စ်လည်း ပွဲဦးထွက်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ တန်ဟက်ဂ်ကတော့ အသင်းဟာ အစောကြီးကတည်းက ဒုတိယဂိုး ရသင့်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့် ကိုယ့်ထိုက်နဲ့ကိုယ်ကံ ခံခဲ့ရတာလို့ ညည်းညူခဲ့ပါတယ်။

နယ်သာလန်သား မန်နေဂျာက ချေပဂိုး ပေးလိုက်ရတာဟာ ခက်ခဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ကြောင်း၊ တကယ်တမ်းမှာတော့ ဒီအခြေအနေဟာ မလိုအပ်ဘဲ ကြုံလာတာဖြစ်ပြီး ဘောလုံးမှာ အခိုက်အတန့်လေး တစ်ခုက အရာရာကို ပြောင်းလဲနိုင်တယ်ဆိုတာ သင်ခန်းစာယူဖို့ လိုကြောင်း ပြောပါတယ်။

ကိုယ်က တစ်ဂိုးအသာနဲ့ ဦးဆောင်နေသလို ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ကံဆိုးတဲ့ အခိုက်အတန့် တစ်ခုကြောင့် အဲဒီ အားသာမှုကို လက်လွှတ်ခဲ့ရကြောင်း၊ ယူနိုက်တက်ဟာ အစောကြီးကတည်းက နှစ်ဂိုးပြတ် ဦးဆောင်နိုင်သင့်ပေမယ့် အခွင့်အရေးတွေကို ရအောင် မယူနိုင်ခဲ့ခြင်းကြောင့် အခုလို အခြေအနေမျိုးဆီ ဦးတည်ခဲ့ကြောင်း တန်ဟက်ဂ်က ဖွင့်ဟခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပြိုင်ဘက်ကို အနိုင်ပိုင်းနိုင်မယ့် အခြေအနေတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် သူလိုချင်တဲ့ ဒုတိယဂိုးကိုတော့ မမြင်ခဲ့ရကြောင်း၊ ဒီအတွက် ခက်ခဲပေမယ့် ကိုယ့်အသင်းကိုကိုယ် ဝေဖန်ရမှာဖြစ်ကြောင်းလည်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ အခုပွဲ အနိုင်မရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို အမီလိုက်ဖို့ ပိုမို ခက်ခဲသွားပါပြီ။ အာဆင်နယ်ဟာ ယူနိုက်တက်ထက် ၁ ပွဲလျော့ ကစားပြီး ၈ မှတ်အသာနဲ့ ဦးဆောင်နေသလို အခုသီတင်းပတ်ကုန်မှာလည်း ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံသွားဖို့ ရှိနေပါတယ်။