စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာထဲကို စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ(၁၈)ရက် ညပိုင်းမှာ ဂျက်ဖိုက်တာ သုံးစီးနဲ့ ပေါင်ငါးရာ မီးလောင်ဗုံးတွေကျဲချတာကြောင့် ခုနစ်ဦးထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ ထားတယ်လို့ Nothern ABSDF ကထုတ်ပြန်ပါတယ်။
မြစ်ကြီးနားကလာတဲ့ ဂျက်လေယာဉ်သုံးစီးက မိုးတားလေးရွာထဲနဲ့ ရွာဦးနေရာတွေကို ဒီကနေ့ ညခြောက်နာရီ ဝန်းကျင်မှာ မီးလောင်ဗုံးတွေကျဲချခဲ့တာဖြစ်ပြီး ရွာအနောက်ပိုင်း အလှူအိမ်မှာရှိနေတဲ့ ကျေးရွာသား ခုနစ်ဦး ပွဲချင်းပြီးသေဆုံးသလို သေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်လို့ Nothern ABSDF ကဆိုပါတယ်။
မိုးတာလေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ABSDF တပ်ဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေ ဒီကနေ့နဲ့ မနေ့က နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက အထိနာလို့အခုလို လေကြောင်းကဗုံးကျဲတိုက် ခိုက်တာ ဖြစ် တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေနဲ့ အဆက်အသွယ်ရှိတဲ့ ကသာမြို့ခံတဦးကပြောပါတယ်။
“မိုးတာကြီး၊ မိုးတားလေး အနီးဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲဖြစ်တယ်၊တိုက်ပွဲက ပြင်းထန်တယ်တော့ ကြားရပါတယ်၊ စစ်တပ်ဘက်က အယောက် ၁၅ ဦး/ ၂၀ လောက်ကျတယ်လို့ ကြားပါတယ်၊အတိအကျတော့ မသိသေးပါဘူး၊ သူ တို့ဘက်က ထိခိုက်ဒဏ်ရာရတာနဲ့ကျဆုံးတာ များတော့ ဂျက်တိုက်လေယာဉ် သုံးစီးနဲ့ လာပစ်တယ်”လို့သူက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကျဆုံးတာမရှိပေမယ့် ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ ကသာမြို့ ဒေသခံ ကပြောပါတယ်။
ခေတ်သစ်သတင်းဌာနဖော်ပြချက်အရတော့ စစ်ကောင်စီတပ်က မိုးတာလေးရွာအပြင် တိုက်ကုန်းကျေးရွာကိုပါ လေကြောင်းကဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံခြောက်ဦးသေဆုံးကာ သုံးဆယ်ဝန်းကျင် ဒဏ်ရာရသလို ABSDF တပ်ဖွဲ့ဝင်နှစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မိုးတာလေးကျေးရွာဟာ ကသာမြို့ အရှေ့မြောက်ဘက် စစ်ကိုင်းနဲ့ကချင်အစပ်က ဧရာဝတီမြစ်ကမ်းဘေး ရွာ ဖြစ်ပြီး တိုက်နယ်ဆေးရုံနဲ့ စာတိုက်တွေလည်းရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အ စောပိုင်းကာလတွေမှာ အဲ့ဒီရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ခဲ့ဖူးသလို အဲ့ဒီဒေသတဝိုက်မှာာ လက်ရှိအချိန်အထိ တိုက်ပွဲတွေလည်း မကြာမကြာ ဖြစ် လေ့ရှိပါတယ်။