ကမ္ဘာ့ အသက်အကြီးဆုံး လူသား ပြင်သစ် ခရစ်ယာန် သီလရှင်ကြီး ကွယ်လွန်

ကမ္ဘာ့ အသက်အကြီးဆုံး လူသားလို့ သတ်မှတ် ခံထားရသူ ပြင်သစ် ခရစ်ယာန် သီလရှင်ကြီး လူစီလ် ရန်ဒွန်ဟာ အသက် ၁၁၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

စစ္စတာ အန်ဒရီးလို့လည်း လူသိများတဲ့ ရန်ဒွန်ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးနေသူ တစ်ဦးက ဇန်နဝါရီ ၁၇ ရက်မှာ သီလရှင်ကြီး ကွယ်လွန်သွားကြောင်း အတည်ပြုခဲ့ပါတယ်။ ရန်ဒွန်ဟာ အသက် ၁၁၉ နှစ် ပြည့် မွေးနေ့ မတိုင်ခင် ရက်ပိုင်း အလိုမှာ ကွယ်လွန်ခဲ့တာပါ။ သူဟာ ၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ မွေးဖွားခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်တောင်မှ သူမွေးဖွားခဲ့ပြီး ၁၀ နှစ်လောက် အကြာမှ စတင် ဖြစ်ပွားခဲ့တာပါ။ 

ရန်ဒွန်ဟာ တူလွန်မြို့က စောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ အိပ်စက်နေရင်း ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေးဗစ် တာဗယ်လာက ပြောပါတယ်။ 

သူအရမ်းချစ်တဲ့ အစ်ကိုဖြစ်သူနဲ့ ပြန်ဆုံချင်ပြီလို့ စစ္စတာကြီးက ခဏခဏ ပြောခဲ့ကြောင်း၊ သူကွယ်လွန်သွားခြင်းက အားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်နေပေမယ့် သူ့အတွက်တော့ လွတ်မြောက်မှုလည်း ဖြစ်နိုင်ကြောင်း တာဗယ်လာက ဆိုပါတယ်။ 

ရန်ဒွန်ဟာ ဥရောပတိုက်မှာ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ရာက ပြီးခဲ့တဲ့နှစ်မှာ ဂျပန်နိုင်ငံသူ ကာနီ တာနာကာက အသက် ၁၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့နောက် ကမ္ဘာ့ အသက်အရှည်ဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ 

သူဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိနဲ့ သင်တန်းနည်းပြ ဘဝတွေကို ဖြတ်သန်းခဲ့တဲ့နောက် အသက် ၄၀ အရွယ်၊ ၁၉၄၄ ခုနှစ်မှာ သာသနာ့ဝန်ထမ်း ဘဝကို ခံယူခဲ့ပါတယ်။ သူဟာ ၁၉၇၉ ခုနှစ်ကစလို့ သက်ကြီး စောင့်ရှောက်ရေး ဂေဟာတွေမှာပဲ နေထိုင်ခဲ့ပြီး အခု ခေါင်းချသွားတဲ့ တူလွန်ကိုတော့ ၂၀၀၉ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က ကိုဗစ် ကပ်ရောဂါဆိုးဟာ ရန်ဒွန်ရှိနေတဲ့ ဂေဟာမှာ ပျံ့နှံ့ ကူးစက်ခဲ့ပြီး သက်ကြီးရွယ်အို ၁၀ ဦး သေဆုံးခဲ့ပေမယ့် သီလရှင်ကြီးကတော့ ကျော်လွှားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက သူလည်း ကူးစက် ခံခဲ့ရပေမယ့် ရောဂါ ဖြစ်နေမှန်းတောင် မသိလိုက်ဘူးလို့ ရန်ဒွန်က Var-Matin သတင်းစာကို ပြောပြဖူးပါတယ်။ 

၂၀၂၀ ပြည့်နှစ်မှာ ပြင်သစ်ရေဒီယိုက ရန်ဒွန်ကို အသက်ရှည်နည်း လျှို့ဝှက်ချက် မေးမြန်းတဲ့အခါ သူမသိကြောင်း ရိုးရိုးသားသားပဲ ဖြေခဲ့ပါတယ်။ သူ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိသလို အသက်ရှည်ရှည် နေရတဲ့ အကြောင်းရင်းကို ဘုရားသခင်ပဲ သိနိုင်မှာဖြစ်ကြောင်း၊ သူ့ဘဝမှာ ဝမ်းနည်းစရာ အခိုက်အတန့်တွေ အများကြီး ကြုံဖူးခဲ့သလို ၁၉၁၄ ကနေ ၁၉၁၈ ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးမှာ သူဟာ ကလေးအရွယ်သာ ရှိသေးလို့ တခြားသူတွေနည်းတူ အပြင်းအထန် ထိခိုက် ခံစားခဲ့ရကြောင်း ရန်ဒွန်က ပြောပြခဲ့ပါတယ်။