ယူကရိန်း သမ္မတရဲ့ အကြံပေး အရာရှိ စကားအမှား တစ်ခုကြောင့် နုတ်ထွက်ရ 

ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စကားအမှား တစ်ခွန်းကို တာဝန်ယူပြီး ယူကရိန်း သမ္မတရဲ့ အနီးကပ် အကြံပေး ပုဂ္ဂိုလ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းရဲ့ ဒီနီပရိုမြို့က လူနေ တိုက်ခန်းတွဲ တစ်ခုကို ရုရှားဒုံးကျည် ထိမှန်ခဲ့ရာက လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာ အိုလစ်ဆီ အာရစ္စတိုဗစ်ချ်က စကားမှားသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်သလို သတင်းထုတ်ပြန်မှု တော်တော်များများကို တာဝန်ယူခဲ့လို့ လူသိများတဲ့သူလည်း ဖြစ်ပါတယ်။ 

ဒီနီပရိုမြို့ရဲ့ လူနေဧရိယာကို ရုရှားဒုံးကျည် ထိမှန်တဲ့ နေရာမှာ လက်ရှိ အချိန်ထိ အပျက်အစီးတွေကို ရှင်းလင်းနေရဆဲဖြစ်ပြီး ရုပ်အလောင်း ၄၄ ခုထက်မနည်း ရှာတွေ့ထားပါတယ်။ နောက်ပြီး အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အလောင်းတွေ ရှိနေဦးမယ်လို့လည်း ကယ်ဆယ်ရေးတွေက ယူဆကြပါတယ်။ 

ရုရှားဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပွားပြီး မကြာခင်မှာ အရစ္စတိုဗစ်ချ်က သတင်းထုတ်ပြန်တဲ့အခါ အဲဒီ ဒုံးကျည်ဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပစ်ချတာ ခံရပြီး လမ်းကြောင်းလွဲ ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ သူ့ရဲ့ စကားက လူတွေ အများကြီး သေတဲ့ကိစ္စမှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဆိုတာထက် ယူကရိန်းရဲ့ ခုခံကာကွယ်မှုက ပိုပြီး အပြစ်ရှိနေသလို သဘောမျိုး သက်ရောက်တာကြောင့် ယူကရိန်း ပြည်သူတွေက အကြီးအကျယ် ဒေါသူပုန်ထခဲ့ကြပါတယ်။ 

ဝေဖန်မှုတွေ အရမ်းမြင့်တက်လာတဲ့ အချိန်မှာတော့ အရစ္စတိုဗစ်ချ်က သူ့စကားအတွက် တာဝန်ယူပြီး နုတ်ထွက်စာ တင်သွားခဲ့တာပါ။ သူဟာ အခြေခံ အကျဆုံး အမှားတစ်ခုကို ကျူးလွန်မိခဲ့တယ်လို့ သမ္မတရဲ့ အကြံပေး အရာရှိက ဝန်ခံပါတယ်။ သမ္မတ ဇီလန်စကီးကတော့ အရစ္စတိုဗစ်ချ် နုတ်ထွက်မှုနဲ့ ပတ်သက်လို့ ဘာသဘောထား မှတ်ချက်မှ မပေးခဲ့ပါဘူး။ 

ယူကရိန်း လေတပ်ရဲ့ အဆိုအရ ဒီနီပရိုက လူနေ အဆောက်အအုံကို ထိမှန်ခဲ့တာဟာ ရုရှားရဲ့ Kh-22 အမျိုးအစား ဒုံးကျည် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ လေယာဉ်တင် သင်္ဘောကြီးတွေလို အကြီးစား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အဓိက တီထွင်ထားတာ ဆိုပေမယ့် ရုရှားကတော့ လူနေ ဧရိယာတွေကို တိုက်ခိုက်ဖို့ အသုံးပြုခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲပါတယ်။ Kh-22ဟာ ပေါက်ကွဲအား အရမ်းပြင်းထန်ပေမယ့် ပစ်မှန် ချိန်ရွယ်မှုမှာ ဆိုးဆိုးရွားရွား မတိကျမှုတွေလည်း ဖြစ်နိုင်တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားထားပါတယ်။ 

ဒီနီပရိုမြို့မှာ ဒုံးကျည် ကျရောက်ပေါက်ကွဲတဲ့ နေ့တုန်းက ရုရှားဟာ ယူကရိန်းရဲ့ ကိယက်ဗ်၊ ခါကစ်ဗ်၊ အိုဒက်ဆာ အစရှိတဲ့ တခြားမြို့တွေကိုလည်း ဒုံးကျည်တွေ တော်တော်များများနဲ့ တိုက်ခိုက်ခဲ့သေးတာကြောင့် လျှပ်စစ် ဓာတ်အားလိုင်းတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း သိရပါတယ်။