နျူကလီးယား ထိပ်ဖူးတပ် စူပါ တော်ပီဒို လက်နက်တွေ ရုရှားရေတပ် စတင်လက်ခံရရှိ 

ရုရှားဟာ စူပါ တော်ပီဒိုလို့ သတ်မှတ်ခံရတဲ့ Poseidon တော်ပီဒိုတွေကို ပထမအသုတ် လက်တွေ့ စတင် ထုတ်လုပ်ထားပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဖျက်ဆီးအား မတန်တဆ ပြင်းထန်တဲ့ လက်နက်ကြီးတွေ (Super Weaponတွေ)လို့ ညွှန်းဆိုခဲ့ဖူးတဲ့ စစ်လက်နက်တွေ စာရင်းမှာ Poseidonတွေလည်း ပါဝင်ပါတယ်။ အရွယ်အစား အရမ်းကြီးမားသလို နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင် ပစ်ခတ်နိုင်တဲ့ Poseidonတွေကို ကမ္ဘာဖျက် တော်ပီဒိုတွေလို့လည်း ခေါ်လေ့ ရှိပါတယ်။ အခုတော့ ရုရှားရေတပ်ဟာ Poseidonတွေကို စတင် လက်ခံရရှိနေပြီလို့ Tass သတင်းဌာနက ဖော်ပြသွားပါတယ်။ 

Tassက အခုသတင်းကို ရေတပ်ရဲ့ ထိပ်တန်း အရာရှိ တချို့ဆီက ရရှိခဲ့တယ်လို့ ပြောပေမယ့် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စကို မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ 

Poseidonတွေကို ရုရှားရေတပ်က အထူးစစ်ဆင်ရေး ရည်ရွယ်ချက်တွေအတွက် သီးသန့် တည်ဆောက်ထားတဲ့ နျူကလီးယား စွမ်းအင်သုံး Belgorod ရေငုပ်သင်္ဘောမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ Belgorodကို ရုရှားက သုတေသန ရေငုပ်သင်္ဘောလို့ နာမည်တပ်ထားပေမယ့် မဟာဗျူဟာ စစ်လက်နက်တွေ တပ်ဆင်နိုင်အောင် တည်ဆောက်ထားပါတယ်။ 

၂၄ မီတာလောက် ရှည်လျားတဲ့ Poseidonတွေဟာ တော်ပီဒိုလို့ နာမည်တပ်ထားပေမယ့် ရေအောက် ဖောက်ခွဲရေး ဒရုန်းအကြီးစားတွေနဲ့ ပိုတူတယ်လို့ NATO မဟာမိတ် အဖွဲ့ရဲ့ လက်နက် ပညာရှင်တွေက သုံးသပ်ပါတယ်။ ဆိုဗီယက် ခေတ်တုန်းက အမေရိကန်ရဲ့ ကမ်းရိုးတန်းက မြို့ကြီးတွေကို တိုက်ခိုက်ဖို့အတွက် နျူကလီးယား ထိပ်ဖူးတပ် တော်ပီဒိုတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီ စိတ်ကူးစိတ်သန်းကို Poseidonက အမွေဆက်ခံထားတာ ဖြစ်ပါတယ်။ 

နျူကလီးယား တိုက်ချင်းပစ် တော်ပီဒိုလို့ပါ ခေါ်ဆိုနိုင်မယ့် Poseidonရဲ့ ဓာတ်ပုံတချို့ဟာ ၂၀၁၅ ခုနှစ်တုန်းက ပေါက်ကြား ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ စစ်လက်နက်မျိုးတွေ တီထွင်နေတယ် ဆိုတာကို ပူတင်က ၂၀၁၈ ခုနှစ်ကျမှ အတည်ပြုခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ ရုရှားက စမ်းသပ်အဆင့် Poseidon ပစ်ခတ်မှု မှတ်တမ်း ဗီဒီယို တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခဲ့ပါတယ်။ 

 အဲဒီလက်နက်ဟာ ရေထဲမှာ တစ်နာရီကို ၁၂၅ မိုင်နှုန်းနဲ့ အကွာအဝေး အကန့်အသတ်မရှိ သွားလာနိုင်တယ်လို့ ရုရှားက ကြွေးကြော်ထားပါတယ်။ ရုရှားက ထုတ်ပြတဲ့ ဗီဒီယိုထဲမှာ ရန်သူ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး ရေတပ်အုပ်စုတွေနဲ့ ကမ်းရိုးတန်း မြို့တွေကို Poseidonနဲ့ တိုက်ခိုက်ဟန် ကွန်ပျူတာ ပုံရိပ်ဖော်ထားတာတွေ ပါဝင်ပါတယ်။ NATOရဲ့ ပညာရှင်တွေက Poseidonနဲ့ တိုက်ခိုက် ခံရတဲ့ ကမ်းရိုးတန်း မြို့တွေဟာ အကြီးအကျယ် ပျက်စီးသွားမယ့်အပြင် နောက်ဆက်တွဲ ရေဒီယို သတ္တိကြွမှုတွေကြောင့် လူနေလို့ မရတော့တဲ့ထိ ဆိုးကျိုးသက်ရောက်မှုတွေ ခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။ 

Poseidonတွေဟာ ရုရှားက Super Weaponsတွေအဖြစ် သတ်မှတ်ထားတဲ့ စမ်းသပ်အဆင့် စစ်လက်နက် ၆ မျိုးထဲက တစ်ခုပါ။ တခြား Super Weapon စာရင်းဝင် လက်နက်တွေထဲမှာ Avangard ဟိုက်ပါဆောနစ် ဖောက်ခွဲရေးဒရုန်း၊ Burevestnik နျူကလီးယား စွမ်းအင်သုံး ခရုစ်ဒုံးကျည်၊ Kinzhal ဝေဟင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်နဲ့ Zircon သင်္ဘောဖျက် ဟိုက်ပါဆောနစ် ဒုံးကျည်တို့ ဖြစ်ပါတယ်။ တချို့ စစ်လက်နက်တွေကို ရုရှားက စတင် အသုံးပြုနေပြီဖြစ်ပြီး တချို့ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ရုရှားစစ်တပ်ဟာ အဆင့်မြင့် စစ်လက်နက် အသစ်တွေ စမ်းသပ် ထုတ်လုပ်ရင်း ပေါက်ကွဲမှုတွေ၊ မတော်တဆမှုတွေကြောင့် ပညာရှင်တွေ အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ခဲ့ဖူးပါတယ်။