နိုင်ပွဲရှာတွေ့လို့ စိတ်သက်သာရာ ရမိတယ်လို့ လီဗာပူးလ် မန်နေဂျာ ဝန်ခံ

အသင်းက နိုင်ပွဲ ပြန်ရှာတွေ့လာတာကြောင့် စိတ်သက်သာရာ ရမိတယ်လို့ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။ အက်ဖ်အေ ရှုံးထွက်ဖလား  ပြန်ကန်ပွဲစဉ်မှာ ​ဝုလ်ဗ်အသင်းကို အနိုင်ရလိုက်ခြင်းက အသင်းမှာ ယုံကြည်မှု တကျော့ပြန် တည်ဆောက်ဖို့ အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မယ်လို့ သူက မှတ်ချက် ပေးပါတယ်။ 

ဂျာမန်သား မန်နေဂျာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘရိုက်တန်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို ၈ နေရာ အပြောင်းအလဲလုပ်ပြီး ဝုလ်ဗ်ကို ရင်ဆိုင်စေခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးလ်ဟာ လူငယ် ကစားသမား ဟာဗေး အီလီယော့ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အပြောင်းအလဲ လုပ်ထားတဲ့ ကစားသမားတွေရဲ့ အနေအထားကို ကလော့ပ်က အားရနေပြီး အခုဆိုရင် ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ပွဲထွက်ကစားသမား ရွေးချယ်ဖို့တောင် ခေါင်းခဲနေရပြီလို့ ပြောပါတယ်။ 

လီဗာပူးလ်ဟာ ၂၀၂၃ ခုနှစ် အတွင်းမှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဝုလ်ဗ်ရဲ့ အိမ်ကွင်း မိုလီနော့စ်မှာ အနိုင်ရခဲ့တဲ့နောက် ကလော့ပ်က ဒီရလဒ်ဟာ အသင်းအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုလို့ ခံစားမိကြောင်း၊ ဘရိုက်တန်ကို ရှုံးခဲ့တဲ့ ပွဲအပြီး လီဗာပူးလ်ဟာ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု တစ်ခု လိုအပ်နေတာကို လက်တွေ့ ရှာဖွေနိုင်ခဲ့ကြောင်း ကလော့ပ်က မှတ်ချက် ပေးခဲ့ပါတယ်။ 

နောက်ပြီး ကလော့ပ်က သူအသုံးပြုခဲ့တဲ့ လူစာရင်းထဲက အသက်အကြီးဆုံးနဲ့ အသက်အငယ်ဆုံး ကစားသမားတွေက အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်လို့လည်း ချီးကျူးသွားပါတယ်။ ဒါဟာ ဂျိမ်းစ်မီလ်နာနဲ့ စတီဖန် ဘက်ဂျ်စီတစ်တို့ကို ရည်ညွှန်းတာပါ။ ဒီပွဲမှာ ကစားသမား တော်တော်များများက ချဲလ်ဆီးနဲ့ ပွဲအတွက် သူလိုချင်တဲ့ ပုံစံမျိုး အံဝင်အောင် ကစားနိုင်ခဲ့တယ်လို့လည်း ကလော့ပ်က ဆိုပါတယ်။ 

ချဲလ်ဆီးနဲ့ပွဲမှာ ကစားခွင့် ရဖို့အတွက် အားလုံးကို တံခါးဖွင့်ပေးထားကြောင်း၊ အသင်းအတွက် တိုက်ပွဲဝင် ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ ကစားသမားတွေကတော့ အဲဒီပွဲမှာ ကစားဖို့ အခွင့်အရေး ပိုရှိမှာဖြစ်ကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။ 

လီဗာပူးလ် အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း ၄ ပွဲ ကစားထားရာမှာ အခုမှ နိုင်ပွဲစတင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။