တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကသကျက်တောနယ်မြေရဲစခန်းကို စစ်အုပ်စုက စွန်ခွာသွားခဲ့အပြီးရက်ပိုင်းအကြာမှာ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
“ညက မီးရှို့သွားတာပါ၊ သူတို့ဟာ သူတို့လာပြီး ရှို့သွားတာပဲ၊ အကုန်လုံးတော့ လောင်သွားတာပေါ့” လို့ သကျက်တော ဒေသခံတဦးကDNA ကို ပြောပါတယ်။
အဲ့ဒီရဲစခန်းကို ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
သကျက်တောနယ်မြေရဲစခန်းဟာဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာ၊အဲ့ဒီစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လမ်းမှာ တိုက်ခိုက်ခံရတာတွေ မကြာမကြာဖြစ်ခဲ့ပြီးနောက် စခန်းမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ရဲတွေဟာ ဇန်နဝါရီ ၁၃ ရက် ည ပိုင်းမှာ စခန်းကို စွန့်ခွာကာ ရေလမ်းကနေတဆင့် စစ်သင်္ဘောနဲ့ ပြန်လည်ထွက်ခွာခဲ့ကြတယ်လို့ ဒေသခံတွေက DNA ကို ပြောထားပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ စခန်းကို စွန်ခွာပြီး သုံးရက်မြောက် မနေ့က ည ၁၁ နာရီဝန်းကျင်မှာ နယ်မြေရဲစခန်းအတွင်းက ပင်မဆောင်၊ အိပ်ခန်းနဲ့ တန်းလျားတွေအပါအဝင် အဆောက်အဦးငါးလုံး၊ ဘန်ကာ ၂ ခုတို့ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ LLPDF နဲ့ အထူးပြောက် ကျားတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနယ်မြေရဲစခန်းမီးရှို့ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာမျိုးမရှိသေးပေမယ့် ကျေးရွာနေ ပြည်သူလူထုတွေက သတိနဲ့ လှုပ်ရှားသွားလာနေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ဒီနေ့ နေ့လယ်ထိတော့ ဘာသံမှ မကြားရသေးဘူး၊ ရွာထဲမှာတော့ ပုံမှန်လို့ပဲ ပြောလို့ရတယ်ပေါ့၊ ဒါပေမယ့် သူတို့(စစ်အုပ်စု)က အချိန်မရွေး ပြန်လာတာမျိုးတွေ ရှိခဲ့တော့ သတိနဲ့တော့ သွားလာနေကြတာပေါ့” ဟု ၎င်းက ပြောပါတယ်။
သကျက်တောကျေးရွာနယ်မြေရဲစခန်းကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းထားပြီး မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကို လုံခြုံရေးယူပေးနေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။