စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ဒီကနေ့ ဇန်နဝါရီ ၁၆ရက်မနက်ပိုင်းကစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ်ထဲကအင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းကျေးရွာနဲ့ မကျီးအုပ်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်ချိန်မှာ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသားတဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။
လက်ရှိစစ်ကြောင်းထိုးနေတဲ့ အယောက် ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့လတွေက ဒီပဲယင်းနဲ့ ရေဦးနယ်တွေကို လှည့်ပတ်မီးရှို့စစ်ကြောင်းထိုးနေတဲ့မော်လိုက်အခြေစိုက် ခမရ ၃၆၄ နဲ့ မှော်ဘီ ထူးကြီးအခြေစိုက် ခလရ ၇၀၁ စစ်ကြောင်းတွေဖြစ်တယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမီးရှို့တာကိုခံခဲ့ရတဲ့ခင်ဦးဒေသဟာ လက်ရှိ ၂၀၂၃ ဇန်နဝါရီပထမပတ်အထိလည်း စစ်ကြောင်းထိုးမှုတွေကြားဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးနယ်ထဲက ကျေးရွာပေါင်း ၅၉ ရွာက အိမ်ခြေ ၂၅၀၀ ကျော်ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက အချက်အလက်တွေနဲ့ အတူထုတ်ပြန်ထားပါတယ်။