အပစ်ရပ်ပြီးနောက် စစ်တပ်နဲ့ AA တို့ သုံ့ပန်းလဲလှယ်မှု နှစ်ကြိမ်ရှိလာ

ရခိုင်မှာ တိုက်ပွဲတွေ တကျော့ပြန် အပြင်းအထန်ဖြစ်ပွားနောက် အပစ်ရပ်ထားကြတဲ့ စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ဟာ အပစ်ရပ်ပြီး တလကျော်အတွင်း သုံ့ပန်းအလှဲအလှယ်ပြုလုပ်တာ နှစ်ကြိမ် ရှိသွားပြီဖြစ်တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဒုတိယအကြိမ် သုံ့ပန်းလှဲလှယ်တာကို ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာနဲ့ ပဒေသာရွာကြား ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်မှာ ဇန်နဝါရီ(၁၅) ရက်၊ နေ့ လယ်ပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တဖက်စီက သုံ့ပန်း ဆယ်ဦးဝန်းကျင်စီ ပါဝင်တယ်လို့ သုံ့ပန်းလဲလှယ်စဉ် အနီးမှာ ရှိနေခဲ့သူတွေက ဆိုပါတယ်။

“ကားတွေနဲ့ ရောက်လာကြပြီးတော့ လဲလှယ်ကြတာပါ၊လဲတာမှာ တစ်ဖက်က ဆယ်ယောက်လောက်ပါမယ်ထင် တယ်၊အကုန်လုံးကတော့ ယူနီဖောင်းတွေနဲ့ လာကြတာ၊ နှစ်ဘက်စလုံးမှာ လုံခြုံရေးတွေတော့ ပါတာပေ့ါ၊ တစ်ဘက်က လေး၊ ငါးဆယ်လောက်ပါမယ်ထင်တယ်”လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

အဲဒီ သုံ့ပန်းအလဲအလှယ်ပြုလုပ်တဲ့အထဲမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက AA ဘက်က ဖမ်းဆီး ထားခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်းရဲစခန်းက ရဲအရာရှိတဦးလည်း ပါဝင်တယ်လို့ နီးစပ်တဲ့သတင်း ရင်းမြစ်တွေက ပြောကြပါတယ်။

ဒါပေမယ့် နောက်ထပ်ဘယ်သူတွေပါဝင်တယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂  နိုဝင်ဘာ ၂၆ ရက်မှာ အပစ်အခတ် ရပ်စဲခဲ့ကြတဲ့ စစ်တပ်နဲ့ AA တို့ဟာ အခုလ ၃ ရက် ကလည်း နှစ်ဘက်တပ်တွေက ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို အလဲအလှယ်လုပ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက လည်း ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက အခုအလဲအလှယ်ပြုလုပ်တဲ့နေရာမှာပဲ ပြုလုပ်ကြခဲ့ကြတာပါ။

စခန်းသိမ်းတိုက်ပွဲတွေအထိ ပြင်းထန်ပြီး လေးလေကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှာင်ဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ စေ့စပ်ညှိ နှိုင်းမှုနဲ့ အပစ်အခတ်တွေ ရပ်စဲခဲ့ကြတာဖြစ်ပါတယ်။

ဒီလို သုံ့ပန်းအလှဲအလှယ်လုပ်တဲ့ကိစ္စ အသေးစိတ်မသိရပေမယ့် အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ AA တို့ ကြား ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီက သိထားရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က တိုက်ပွဲကာလအ တွင်း ဖမ်းဆီးထားခဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတာ၊ တရား စွဲဆို ထားသူတွေကို အမှု ရုပ်သိမ်းပေးတာ၊ အကျဉ်းခံနေရသူတွေကို လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။