တောင်ကိုရီးယား နိုင်ငံမှာ ကားအစီး ၄၀ လောက် ဆင့်တိုက်မှုကြောင့် အနည်းဆုံး တစ်ဦးသေပြီး နှစ်ဒါဇင်လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ယွန်ဟပ် သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ လူတစ်ဦးဟာ နှလုံးဖောက်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဒဏ်ရာရသူတွေထဲက သုံးဦးကလည်း အခြေအနေ မကောင်းဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူ စုစုပေါင်း ၂၄ ဦးလောက် ရှိတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက် ညပိုင်းက နိုင်ငံမြောက်ပိုင်း၊ ပိုချွန်မှာရှိတဲ့ အဝေးပြေးလမ်း တစ်နေရာမှာ ကားတွေဆင့်ပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားတိုက်မှုတွေအပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ရဲတွေနဲ့ မီးသတ်တွေ အပါအဝင် ကယ်ဆယ်ရေးအင်အား ၁၃၀ ဝန်းကျင်လောက်ကို အသုံးပြုခဲ့ရပါတယ်။
ဒဏ်ရာရသူတွေထဲက ၄ ဦးကို ဆေးရုံတင်ပို့ခဲ့ပေမယ့် ၁ ဦးက နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ရုံသာ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကားတွေ အများကြီး အခုလို စုပြုံပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကနဦး တွေ့ရှိချက်တွေ အရတော့ လမ်းမျက်နှာပြင်က ရေခဲလို့ အရမ်းချောမွတ်နေတာကြောင့် အရှိန်မထိန်းနိုင်ဘဲ အချင်းချင်း ဆင့်ကဲ တိုက်မိခဲ့ကြတာ ဖြစ်လိမ့်မယ်လို့ ရဲတွေက မှတ်ချက် ပေးထားပါတယ်။
ပိုချွန်ဟာ ဆိုးလ်မြို့တော်ရဲ့ အရှေ့မြောက်ဖက် ၄၆ ကီလိုမီတာလောက် အကွာမှာ တည်ရှိပြီး အဝေးပြေး ကားလမ်းမတွေ ဖြတ်သန်းစုဆုံရာ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။