ဝက်ဂ်ဟော့စ်ကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ တန်ဟက်ဂ်

MANCHESTER, ENGLAND – JANUARY 13: (EXCLUSIVE COVERAGE) Wout Weghorst of Manchester United poses after signing on loan for the club at Carrington Training Ground on January 13, 2023 in Manchester, England. (Photo by Manchester United/Manchester United via Getty Images)

နာမည်ကြီး တိုက်စစ်မှူး တစ်ဦးမဟုတ်တဲ့ ဝု ဝက်ဂ်ဟော့စ်ကို အငှားခေါ်ယူခဲ့တာနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က သူ့သဘောထားကို ရှင်းပြခဲ့ပါတယ်။ 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ စာချုပ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ရချိန် ကတည်းက ယူနိုက်တက်ဟာ အခုဆောင်းရာသီ စျေးကွက်မှာ တိုက်စစ်မှူးသစ် တစ်ဦးကို ရေတိုအတွက် ရှာဖွေ ဖြည့်တင်းသွားမယ်လို့ တန်ဟက်ဂ်က ပြောကြားထားခဲ့ပါတယ်။ အဲဒီနောက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဘန်လေကနေ ဘီဆစ်တက်ခ်ဆီ အငှားချထားတဲ့ ဝက်ဂ်ဟော့စ်ကို အငှားစာချုပ် ဖျက်သိမ်းကြေးပေးပြီး ယူနိုက်တက်က ထပ်ဆင့်အငှား ခေါ်ယူခဲ့တာပါ။ 

အသက် ၃၀ အရွယ် ဝက်ဂ်ဟော့စ်ဟာ တန်ဟန်ဂ်နဲ့ တစ်နိုင်ငံတည်းသားဖြစ်ပြီး ကမ္ဘာ့ဖလားမှာ နယ်သာလက် လက်ရွေးစင် အသင်းကို ကိုယ်စားပြုပြီး အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ လူစားလဲ ဝင်ရောက်ပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

တန်ဟက်ဂ်က သူ့အမြင်မှာတော့ ဝက်ဂ်ဟော့စ်ဟာ ဘန်လေကလွဲရင် ကျင်လည် ဖြတ်သန်းဖူးသမျှ အသင်းတိုင်းမှာ အံ့ဩစရာ စွမ်းဆောင်ပြခဲ့ကြောင်း၊ ဘန်လေမှာလည်း အချိန်တိုလေးသာ ကစားခဲ့ရတာ ဖြစ်ကြောင်း၊ ဝက်ဂ်ဟော့စ်အသက် ၁၆ နှစ် ကတည်းက သူ့ကို သိခဲ့သလို ကစားသမားဘဝ ဖြတ်သန်းမှု တလျှောက်လုံးကို စောင့်ကြည့်ခဲ့ပြီး ဖြစ်ကြောင်း၊ ဝက်ဂ်ဟော့စ်ဟာ သူပါဝင် ကစားတဲ့ အသင်းတိုင်းကို ကောင်းကျိုး တစ်ခုခု ဖြည့်စွမ်းပေးနိုင်တယ် ဆိုတာ အကြိမ်ကြိမ် သက်သေ ထူနိုင်ခဲ့ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

နောက်ပြီး ဝက်ဂ်ဟော့စ်ဟာ စိတ်ဓာတ်ပိုင်း အရမ်းအားကောင်းသလို အသင်းတစ်သင်းရဲ့ စုဖွဲ့မှုနဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မယ့် အရည်အသွေး ရှိနေကြောင်းလည်း တန်ဟက်ဂ်က ဆိုပါတယ်။ ဝက်ဂ်ဟော့စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မန်ချက်စတာ စီးတီးကို ယူနိုက်တက်က အနိုင်ရခဲ့တဲ့ ဒါဘီပွဲစဉ်ကို လာရောက် အားပေး ကြည့်ရှုခဲ့ပေမယ့် အသင်းသစ်နဲ့ လေ့ကျင့်ခန်း မဆင်းရသေးတဲ့အတွက် ဝင်တော့ မကစားခဲ့ပါဘူး။ သူဟာ ယူနိုက်တက်မှာ ရာသီကုန်ထိ အငှားစာချုပ်ထားပြီး ကျောနံပါတ် ၂၇ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။