လန်ဒန်ဒါဘီမှာ တော့တင်ဟမ် ဟော့စပါးကို အနိုင်ယူခဲ့ခြင်းက သူ့ရဲ့ အာဆင်နယ် မန်နေဂျာဘဝ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ မစ်ကယ် အာတီတာက ချီးကျူးသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ တော့တင်ဟမ်ရဲ့ အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူခဲ့တဲ့နောက် အင်္ဂလန် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၈ မှတ်ထိဖြတ်ပြီး ဦးဆောင်နေပြီ ဖြစ်ပါတယ်။ တော့တင်ဟမ် ဂိုးသမား ဟူဂိုလောရစ်ရဲ့ စိတ်ပျက်စရာ အမှားကြောင့် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့မှုနဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဒ်ရဲ့ လှပသေသပ်တဲ့ အဝေးကန်ချက်တွေကြောင့် အာဆင်နယ်ဟာ ပထမပိုင်းမှာတင် ၂ ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ ကစားရတာ ဖြစ်တဲ့တိုင် ပထမပိုင်းမှာ ပြိုင်ဘက်ကို လုံးဝနီးပါး အခွင့်အရေး မပေးဘဲ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။
အခုဆိုရင် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နေပြီ ဖြစ်သလို ချန်ပီယံဆု အတွက်လည်း အလားအလာ အကောင်းဆုံးဆိုတာ ပိုမို ပေါ်လွင်လာပါတယ်။ ဒါပေမဲ့ ရှေ့လာမယ့် ပွဲစဉ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံမှု အပါအဝင် ခက်ခဲတဲ့ စိန်ခေါ်မှုတွေကတော့ အာဆင်နယ်ကို ဆက်ပြီး စောင့်ကြိုနေဦးမှာပါ။
စပိန်သား အာတီတာက မျှမျှတတ ပြောရမယ်ဆိုရင် သူကိုင်တွယ်ဖူးသမျှ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ရလဒ်ကောင်းအတွက် တစ်သင်းလုံး ပျော်ရွှင်နေပြီး တစ်ပတ်လုံး တဖွဖွ ပြန်ပြောနေမိကြမယ်ထင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
အဝေးကွင်း ဖြစ်ပေမယ့် အာဆင်နယ်ဟာ ကိုယ်အားသန်တဲ့ ပုံစံအတိုင်း ကစားဖို့ပဲ အားထုတ်ခဲ့ကြောင်း၊ သူ့အသင်းသားတွေဟာ ဘောလုံး ပိုင်ဆိုင်ချိန်မှာရော၊ ဆုံးရှုံးနေချိန်တွေမှာပါ သတ္တိရှိရှိ စူးစိုက်မှု အပြည့်နဲ့ ကစားပြီး အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့ကြောင်း၊ ဦးဆောင်ဂိုး ရသွားတဲ့ အချိန်မှာတော့ အာဆင်နယ်ဟာ ပွဲကို အနိုင်ယူဖို့ အတော်ကြီး အခြေအနေ ကောင်းသွားခဲ့ကြောင်းလည်း သူက ဆက်ပြောပါတယ်။
အာဆင်နယ်ဟာ ရှက်ခ်တာဒိုးနက်စ်ခ် တောင်ပံလူ မစ်ခိုင်လို မူဒရစ်ခ်ကို ကာလရှည်ကြာ ချိတ်ဆက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးက စျေးပိုပေးပြီး ကစားသမားကို ဝယ်ယူသွားခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ ပွဲအပြီး အင်တာဗျူးမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ အာတီတာက သူ့အနေနဲ့ ရှိရင်းစွဲ ကစားသမားတွေအတွက် အရမ်း ဂုဏ်ယူကြောင်း၊ ဒါ့အပြင် အသင်းလူစာရင်းကို အရည်အသွေးပိုင်း မြှင့်တင်ဖို့ အစဉ်တစိုက် ကြိုးစားနေပြီး ကစားသမားသစ်တွေ ခေါ်ယူနိုင်စွမ်းလည်း ရှိကြောင်း၊ ဒါပေမဲ့ ငွေကြေး သုံးစွဲမှုနဲ့ ပတ်သက်ရင် အာဆင်နယ်ဟာ စည်းကမ်းရှိဖို့ လိုအပ်ကြောင်း၊ လောလောဆယ်မှာ အပြောင်းအရွှေ့ စျေးကွက်ကို ဖွင့်ထားဆဲ ဖြစ်တာကြောင့် အသင်းအင်အားကို ဖြည့်တင်း တည်ဆောက်ဖို့ အခွင့်အရေးတွေလည်း ကျန်နေသေးကြောင်း ဖြေကြားသွားခဲ့ပါတယ်။