ကန့်ဘလူမှာ တရက်တည်း ဒေသခံ ဆယ်ဦးအသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်တရက်တည်းမှာဒေသခံ ၁၀ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေကသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ နေအိမ်က ငါးနှစ်အရွယ်ကလေးငယ် အပါအဝင် NLD ပါတီထောက်ခံတဲ့ နေအိမ်က မိသားစုဝင်ရှစ်ဦး ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းကနေအိမ်မှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။

ညလူခြေတိတ်ချိန်မှာ နေအိမ်ထဲဝင်ရောက်သတ်ဖြတ်သွားတာဖြစ်ပေမယ့် အဲ့ဒီမိသားစုဝင်ရှစ်ဦးကို သတ်ဖြတ်သူ တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအချက်ကို DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အလားတူပဲ အဲဒီနေ့ ညနေပိုင်းမှာ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို မနေ့ဇန်နဝါရီ ၁၄ ရက်ညနေပိုင်းကစစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေဝင်ရောက်စစ်ကြောင်းထိုးလာပြီးဒေသခံ၂ဦးကိုသတ်ဖြတ်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း ဒေသံတွေက DNA ကိုဆက်ပြောပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာချိန် ဒေသခံ ၅ဦးဟာ ညောင်ကုန်းရွာထဲပိတ်မိခဲ့တာဖြစ်ပြီးစစ်ကောင်စီက အမျိုးသား၂ဦးကို ပစ်ခတ်ခဲ့သလို အမျိုးသမီး ၃ဦးကိုတော့ ဓါးနဲ့ထိုးခဲ့တာကြောင့်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

” အမျိုးသားနှစ်ယောက်ကိုကသတ်တာ၊ အမျိုးသမီးတစ်ယောက်ကိုက ရင်ဘတ်ကိုဓားတွေနဲ့ထိုးတာ။ သူတို့ကထွက်ပြေးလာတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့တွေ့ပြီး ကယ်ထုတ်ခဲ့ရတာ။ ဗိုက်တွေကိုဓားတွေနဲ့ထိုးထားလို့ နှစ်ယောက်ကစိုးရိမ်ရတယ်” လို့ရွာခံတဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားတဲ့အမျိုးသားနှစ်ဦးဟာ ပလူသာရွာကနေ လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဦးသန်းလွင်( ၅၅)နှစ် နဲ့  ညောင်ကုန်းရွာထဲတွင် ပိတ်မိနေခဲ့တဲ့ ဦးနွားတင်(၇၇)နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။

အသတ်ခံရတဲ့အမျိုးသားရုပ်အလောင်းတွေကို မီးရှို့ထားခဲ့တဲ့အတွက် ပြာပုံပဲတွေ့ရတယ်လို့ရွာခံတွေကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ကန့်ဘလူနယ်ထဲမှာတရက်တည်း ဒေသခံ ၁၀ဦးဟာ  စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေကြောင့် သေဆုံးခဲ့ရတာကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ဓါတ်ပုံမှတ်တမ်းတွေနဲ့ တကွထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ကုန်းရွာကို စစ်ကြောင်းအလာမှာ စစ်ဘေးရှောင်တွေအတွက်ဆောက်ထားတဲ့ တဲတိုက်တွေအားလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။