စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာလမ်းတလျှောက်မှာ အကြမ်းဖက်ပိုက်ဆံကောက် ခံနေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ Danger Force LPDF ကထုတ်ပြန်ပါတယ်။
“အင်အားအယောက် သုံးဆယ်လောက်နဲ့ လက် ဖက်ရည်ဖိုးဆိုပြီးကောက်နေတာပါ ၊ဒီလိုပိုက်ဆံကောက်တာတွေအရင်တည်းက ရှိတယ်”လို့ အရာတော်ဒေ သကာကွယ်ရေးတပ် (Danger Force LPDF) အဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။
ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတွေရှိနိုင်ပေမယ့် အနားကပ်လို့မရတဲ့အခြေအနေကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။ အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို Danger Force LPDF နဲ့အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခုနှစ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၁၂ရက်နေ့နံနက်ပိုင်း မုံရွာ – အရာတော်ကားလမ်းပေါ်က ကျွန်းဖိုပင်ကျေးရွာမှာအကြမ်း ဖက်ပိုက်ဆံကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ ဇန် နဝါရီ ၁၃ရက် မနက်ပိုင်းမှာ ကျွန်းဖိုပင်ရွာမြောက်ဖက်ကစီပင်သာရွာကိုအင်အားငါးဆယ်ခန့်နဲ့စစ် ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
အရာတော်မြို့အနောက်ဘက် အထွက်လမ်းမပေါ်က စက်မှုလယ်ယာ စစ်ကောင်စီဂိတ်ကိုလည်း ဒီက နေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီမြို့အခြေစိုက် အရာတော်ပို့စ် လူမှုကွန်ရက်စာမျက်နှာကဖော်ပြပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်က ဖြတ် သန်းသွားလာသမျှကားတွေနဲ့ပြည်သူတွေကို ဖမ်း ဆီးကာ နေ့လယ်ပိုင်းမှပြန်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင် လမ်းသွားလမ်းလာလူငယ်နှစ်ဦးကိုလည်း ဒူးထောက်လက်နောက်ပစ်ခိုင်းပြီးဖမ်းဆီးခဲ့သေးတယ်လို့ အရာတော်ပို့စ်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့ကလည်း အရာတော်မြို့နယ်မြောက်ပိုင်းက နောင်ကြီးအိုင်ကျေးရွာမှာ ပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တအိမ်တက်ဆင်းလှည့်လည်ကာ အိမ်တိုင်း မီးချိတ်၊မီးကပ် စတဲ့ မီးအန္တရာယ်ကာကွယ်ရေးပစ္စည်းတွေ မတပ်ဆင်ထားပါက ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အကြောင်း ဒေသတွင်းသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။