မန္တလေးမြို့မှာ မနေ့ဇန်နဝါရီလ ၁၂ ရက်နေ့တရက်တည်း စစ်ကောင်စီအခြေစိုက်တဲ့ နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို အတည်ပြုပြောဆိုပါတယ်။
မနေ့က ညနေ ၇ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း၊ ၁၂၀ လမ်းနဲ့ ၁၂၁ လမ်းကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ သင်ပန်းကုန်း ရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
” ပေါက်ကွဲသံက ၂ ချက်ကြားလိုက်ရတာ ဆက်တိုက်တော့ မဟုတ်ဘူး ။တလုံးပြီးမှာ တလုံးပေါက်သွားတာပါ။ အဲဒီရဲစခန်း ရှေ့ကလမ်းကို သူတို့ကအမြဲပိတ်ထားတာပါ ” လို့ အဲဒီအနီးအနား နေထိုင်သူ တဦးကပြောပါတယ်။
အလားတူပဲ မနေ့ကညနေပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနဲ့ ၁၂၃ လမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ(စ) ရပ်ကွက်ရုံးမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
” ရုံးထဲရောက်နေတဲ့ လူတချို့တော့ ထိခိုက်မှုတွေရှိခဲ့တယ်။ ရုံးမှာ စစ်ကောင်စီက အိမ်ထောင်စု ကောက်တာတွေလုပ်နေတယ်။ လူမူရေးကားတွေနဲ့ ထိခိုက်တဲ့လူတွေကို ဆေးရုံပို့လိုက်တယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
အဲဒီစစ်အုပ်စုရဲ့ အခြေစိုက်နေရာမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေကို ACID Army PDF-MDY နှင့် မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့က ပူးပေါင်း လုပ်ဆောင်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကူညီနေတဲ့ ရပ်ကွက်အုပ်ကြီးများနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
ဒါအပြင် မနေ့ နေ့ခင်းပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ (၈၄)လမ်း၊ ဦးပွားခုံးကျော် အဆင်းလမ်း (ဗိုလ်အိမ်လမ်း)ထောင့်က ဝသုန္ဒြေဓမ္မာရုံအတွင်း အိမ်ထောင်စု ကောက်နေတဲ့ စစ်အုပ်စု ဗုံးထုခံခဲ့ရပါသေးတယ်။
အဲဒီ တိုက်ခိုက်မှုကို မန္တလေးမြို့ပြ ပြောက်ကျား Special Task Force – Mandalay (STF-MDY) ကပြုလုပ်တာဖြစ်ပြီး စစ်အုပ်စုရဲ့ ကားတစ်စီး ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။