နိုင်ငံ အရှေ့ပိုင်းက ဆားကျင်းတွေနဲ့ သတ္တုမိုင်းတွင်းတွေ တည်ရှိရာ ဆိုလီဒါမြို့ကို ရုရှားတပ်တွေဆီ လက်လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ သတင်းတွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။
ဆိုလီဒါမှာ ရုရှားတပ်တွေ တောက်လျှောက် အရေးသာနေတာ မှန်ပေမယ့် ယူကရိန်းရဲ့ ခုခံရေးတပ်တွေက ဇန်နဝါရီ ၁၂ ရက်ထိ ကြံ့ကြံ့ခံနေဆဲလို့ ဆိုပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ ခါးပိုက်ဆောင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Wagner ကြေးစားတပ်တွေက ဦးဆောင်ပြီး ဆိုလီဒါကို သိမ်းပိုက်ဖို့ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
လူဦးရေ ၁၀၀၀၀ လောက်သာ နေထိုင်ခဲ့တဲ့မြို့ဟာ အခုတော့ လူသူကင်းမဲ့ပြီး စစ်ပွဲဇုန်အဖြစ် ပီပီပြင်ပြင် ပြောင်းလဲသွားပါတယ်။ ရုရှားတွေကတော့ ဆိုလီဒါကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၁၀ ကီလိုမီတာလောက် အကွာက မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မွတ်မြို့ကို ပစ်မှတ်ထားနေကြောင်း ကြွေးကြော်ထားပါတယ်။ ဘက်ခ်မွတ်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပါတယ်။
ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဟန်နာ မယ်လ်ယာက ဆိုလီဒါမှာ ရုရှားတပ်တွေ တောက်လျှောက် ထိုးဖောက်လာနေနိုင်တာကို ဝန်ခံပေမယ့် တစ်မြို့လုံး ရုရှားလက်ထဲ ကျရောက်သွားပြီ ဆိုတာကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
ရုရှားတွေဟာ အတုံးအရုံး ကျဆုံးထားတဲ့ သူတို့ရဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေပေါ်က ကျော်ခွရင်း ဆက်လက် ချီတက်လာနေတာ ဖြစ်တယ်လို့ မယ်လ်ယာက ပြောပါတယ်။ Reuters သတင်းဌာနကတော့ အခုကိစ္စတွေနဲ့ ပတ်သက်လို့ တိတိကျကျ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းဟာ ရုရှားအပေါ် စစ်ရေးအသာစီး ရနေခဲ့ရာက အခုတော့ ဆိုလီဒါ စစ်မြေပြင်မှာ ခါးသီးတဲ့ အခြေအနေ တချို့ကို ပြန်လည် ရင်ဆိုင် ကြုံတွေ့လာရတာ ဖြစ်ပါတယ်။ စစ်ရေး လေ့လာသူတွေကတော့ Wagner ကြေးစားတပ်တွေဟာ ရုရှားရဲ့ စစ်တပ်ထဲမှာ ယူကရိန်းကို အမှန်တကယ် ဒုက္ခပေးနိုင်လောက်အောင် အစွမ်းထက်တဲ့ ရှားရှားပါးပါး ဖွဲ့စည်းပုံမျိုး ရှိနေကြောင်း သုံးသပ်ထားကြပါတယ်။