လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့ လူထုကိုစည်းရုံးလှုပ်ရှားမှုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်တပ်စီးပွါးရေးထောက်တိုင်တွေဖြိုချဖို့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်တဲ့လှုပ်ရှားမှုတစ်ခုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို မနေ့ဇန်နဝါရီ ၁၂ ရက်က  ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ( DMSCD) ကဦးဆောင်လှုပ်ရှားခဲ့ပါတယ်။

စစ်တပ်ထုတ်ကုန်တွေကိုဝယ်ယူသုံးစွဲတာမလုပ်ဘဲ သပိတ်မှောက်ကြဖို့ ထုတ်ကုန်စာရင်းပါတဲ့ စာရွက်တွေကို ဖြန့်ဝေတာတွေလည်းလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ DMSCD အဖွဲ့က ဈေးတဈေးနဲ့ ရွာလေးရွာကိုသွားခဲ့ပါတယ်။ဈေးထဲမှာရှိတဲ့သူတွေက ကျွန်တော်တို့ပြောတာကိုဂရုတစိုက်နား ထောင်ကြတယ်။ တချို့ဒေသခံတွေက စစ်တပ်ထုတ်ကုန်ကဘာတွေမှန်းတောင်မသိကြဘူး ။ ကျေးလက်နေပြည်သူလူထုကများတော့ အင်တာနက်မရှိတာ သေချာမသုံးဖြစ်တဲ့အိမ်ရှင်မတွေရှိကြတော့ အွန်လိုင်းတင်မဟုတ်ပဲ မြေပြင်ထိ ထိထိရောက်ရောက်မလုပ်နိုင်တဲ့အတွက် ပြည်သူလူထုဆီတိုက်ရိုက်ဟောပြောတာတွေလုပ်ဖြစ်တယ် ။ သူတို့ကလည်းဂရုတစိုက်နားထောင်ကြတယ်” လို့ DMSCD သပိတ်ကော်မတီဝင်က DNA ကိုပြောပါတယ်။

နေ့စဉ်နီးပါး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်နေတဲ့ထားဝယ်ခရိုင်ထဲမှာ အခုတပတ်မှာတော့ စစ်တပ်ရဲ့အခြေခံစီးပွါးရေးထောက်တိုင်တွေကိုဖြိုချကြ ဆိုတဲ့စာတန်းနဲ့ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။