အာရှနိုင်ငံ တချို့မှာ ပိုးသတ်ဆေးဒဏ် ခံနိုင်စွမ်း မြင့်မားလွန်းတဲ့ ခြင်တွေ တိုးပွားလာနေ

ပိုးသတ်ဆေးဒဏ်ကို ဒူပေနာပေ ခံလွန်းတဲ့ ခြင်တွေ အာရှတိုက်ရဲ့ ဒေသတချို့မှာ လျင်လျင်မြန်မြန် တိုးပွားလာနေတယ်လို့ ဂျပန်နိုင်ငံက သုတေသီတွေက သတိပေးခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ တခြား ကူးစက်ရောဂါ တချို့ကို သယ်ဆောင် ဖြန့်ဝေလေ့ရှိတဲ့ ခြင်တွေဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ အရင်ကထက် အများကြီး အကြမ်းပတမ်း ခံလာနိုင်တယ်လို့ ဆိုပါတယ်။ ခြင်တွေရဲ့ အဲဒီလို မျိုးဗီဇ တိုးတက် ပြောင်းလဲလာမှုကို အရေးတကြီး ချိုးနှိမ်ဟန့်တားဖို့ နည်းလမ်းတွေ ရှာဖွေသင့်ပြီလို့လည်း ပညာရှင်တွေက ပြောပါတယ်။

ခြင်အရမ်းပေါတဲ့ နေရာတွေမှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပိုးသတ်ဆေး အငွေ့တွေ ဖြန်းပက်ပြီး အလွယ်တကူ နှိမ်နင်းနိုင်ပေမယ့် အာရှနိုင်ငံ တချို့က ခြင်တွေဟာ အဲဒီ ဆေးအငွေ့တွေကို ခံနိုင်ရည် ရှိလာပြီလို့ ဆိုပါတယ်။ ဒီပြဿနာရဲ့ အတိုင်းအတာက ဘယ်လောက် ကျယ်ပြန့်နေပြီလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဂျပန်က အင်းဆက်ပိုးမွှားနဲ့ ကူးစက်ရောဂါဆိုင်ရာ သိပ္ပံပညာရှင် ရှင်ဂျီ ကာဆိုင်နဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ အာရှနိုင်ငံ တချို့နဲ့ အာဖရိကတိုက်မှာရှိတဲ့ ဂါနာနိုင်ငံက ခြင်တွေမှာ မျိုးဗီဇ စဉ်ဆက်မပြတ် ပြောင်းလဲမှု ဖြစ်စဉ်တွေကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ တချို့ ခြင်တွေဟာ ပိုးသတ်ဆေးတွေမှာ ပါဝင်တဲ့ အဆိပ်အတောက် ဓာတ်ပစ္စည်းတွေကို ခံနိုင်ရည် ရှိလာတာကို ကာဆိုင်တို့ အဖွဲ့က တအံ့တဩ ရှာတွေ့လာပါတယ်။

ကမ္ဘောဒီးယားမှာဆိုရင် အေးဒီးစ်မျိုးစိတ် ခြင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပိုးသတ်ဆေးဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မြင့်မားမား ရှိနေပြီလို့ ကာဆိုင်က AFP သတင်းဌာနကို ပြောပါတယ်။ တချို့ခြင်တွေမှာဆို ပိုးသတ်ဆေးဒဏ် ခံနိုင်စွမ်းဟာ သာမန်ထက် အဆ ၁၀၀၀ လောက်ထိ မြင့်တက်နေတာကို ပညာရှင်တွေ ရှာတွေ့ခဲ့ပါတယ်။

ဒီအခြေအနေအရ ခြင်တွေကို ၁၀၀ ရာခိုင်နှုန်း သေစေတဲ့ ပိုးသတ်ဆေး ဖော်မြူလာ ရောစပ်မှုဟာ ခြင်သေနှုန်း ၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့တဲ့ထိ အာနိသင် ကျဆင်းသွားပါတယ်။ ဆေးကို ၁၀ ဆပိုပြင်းအောင် ရောစပ်ရင်တောင် ခံနိုင်ရည် အားကောင်းလွန်းတဲ့ ခြင်တွေ သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်သာ ရှိနေတော့တာကို တွေ့ရပါတယ်။

ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က ခြင်နမူနာတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပိုးသတ်ဆေးဒဏ် ခံနိုင်စွမ်းက လုံးဝ ခြားနားနေတယ်လို့လည်း ကာဆိုင်က ရှင်းပြပါတယ်။ ခြင်တွေက သယ်ဆောင်လာတဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၁၀၀ နဲ့ သန်း ၄၀၀ ကြားလောက်ကို ကူးစက်လေ့ ရှိပါတယ်။ ဒီရောဂါ ဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ အပျော့စား ရောဂါလက္ခဏာတွေ ပြသတာ၊ ဒါမှမဟုတ် လုံးဝ ရောဂါလက္ခဏာ မပြတာမျိုး ဖြစ်တတ်ပေမယ့် တချို့ အခြေအနေတွေမှာတော့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။