ဒီပဲယင်းမှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ ဒေသခံဆယ်ဦးရဲ့အသက်အန္တာရာယ်ကို စိုးရိမ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခုဇန်နဝါရီ ပထမပတ်ထဲမှာစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုအတွင်း လူသားဒိုင်းအဖြစ်စစ်ကောင်စီကဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးဟာတပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်လာတဲ့အတွက် အသက်အန္တာရယ် စိုးရိမ်နေတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ဆပ်ပြာကျင်း၊ ဝန်းရံ၊ ကုန်းရိုးရွာ၊ အင်တိုင်းလေး၊ ချောင်းနားစတဲ့ ကျေးရွာတွေကိုစစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီနေ့က ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ရင်းဟာခမရ(၃၆၄) နဲ့ခလရ(၇၀၁)တပ်ရင်းတွေဖြစ်ပြီးစစ်ကြောင်းထိုးမီးရှို့နေရင်းလမ်းတလျှောက်ကဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

“အသက်အန္တရာယ်အတွက်ကအတော်စိုးရိမ်နေရတယ်။ အခုထိတော့ပါနေတုန်းပဲလို့မြေပြင်အခြေအနေအရသိရတယ်။ကံကောင်းရင်တော်ဘာမှမဖြစ်ပေမယ့် အသက်အအန္တရာယ်အတွက်စိုးရိမ်နေရတယ်။

ဆက်လက်အတည်ပြုဖို့လုပ်နေတယ် ၁၀ဦးထက်လည်းပိုနိုင်တယ်”လို့ ဒီပဲယင်းညီနောင်များအဖွဲ့မှတာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာလူလတ်ပိုင်းအရွယ်အမျိုးသားတွေဖြစ်ပြီးတော့ အခုလက်ရှိရေဦးဘက်ကနေ မြောက်ဘက်ခြမ်းကိုဆက်လက်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေလူသားတံတိုင်းအဖြစ်သူတို့ကိုတောက်လျောက်ဖမ်းဆီးပြီးခေါ်ဆောင်သွားတာလို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ရွာနာမည်တွေနဲ့နာမည်တွေကိုမြေပြင်အခြေအနေရှုပ်ထွေးနေတာကြောင့်အတည်ပြုဖို့ခက်ခဲနေတယ်လို့DNAရဲ့မြေပြင်သတင်းအရင်းအမြစ်တွေကဆိုပါတယ်။