မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သထုံမြို့ကနေဘီလင်းဘက်ကိုပြန်လည်ထွက်ခွာလာတဲ့ စစ်ယာဥ်တန်းကိုဘီလင်းမြို့ဒေါက်ရပ်ကျေးရွာအနီးရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ KNLA ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီကြာ ပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူက ဆိုပါတယ်။
တိုက်ပွဲအပြီးမှာလည်း စစ်ကောင်စီတပ်တွေက လမ်းမကြီးတလျောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။
တိုက်ပွဲအနီးက ရွာတွေဖြစ်တဲ့ ကမာစိုင်နဲ့ နောင်ကတုတ်ကျေးရွာတွေဘက်ကို စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းကစပြီး စစ်ကြောင်းထိုးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“စစ်တပ်တွေမနက်အစောကတည်းကစစ်ကြောင်းဝင်လာတယ်။ မိုင်းဆွဲတဲ့အဖွဲ့ကိုလာရှာတာလို့ပြောတယ်။အခုရွာအပြင်ဘက်မှာတပ်စွဲထားတယ်”လို့ ကမာစိုင်ကျေးရွာဒေသခံတဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းအဖွဲ့ ကြားတိုက်ပွဲဖြစ်နေချိန်မှာလည်း ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာလည်း ၂နာရီကျော်ကြာလမ်းပိတ်ဆို့မှုဖြစ်ခဲ့တယ်လို့ အဝေးပြေးခရီးသည်ယာဥ်လိုင်းတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ထဲပါဝင်တဲ့ဘီလင်းမြို့နယ်ဟာ ကာလအတန်ကြာ တိုက်ပွဲငြိမ်သက်ခဲ့ရာကနေ အခုတိုက်ပွဲဟာ တကျော့ပြန်ဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။