တာမွေမှာ အိမ်ထောင်စုစာရင်းကောက်သူတွေကြား ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ(က၊ခ) ရပ်ကွက်၊ အမှတ် ၁၆၂လမ်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ရက်၊မွန်းလွဲပိုင်းက အိမ်ထောင်စုစာရင်းကောက်နေတဲ့ စစ်ကောင်စီထောက်တိုင်အဖွဲ့တွေကြား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ထမ်းတချို့နဲ့ လူငယ် ၂ယောက်အပါအဝင် ၈ယောက်ပါတဲ့အဖွဲ့ဟာ အိမ်ထောင်စုစာရင်းကောက်ပြီး ပြန်အထွက် အမှတ် ၁၆၂လမ်းပေါ်မှာလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။

“တော်သေးတာက အသံဗုံးလောက်ပဲထင်တယ်။လူထိခိုက်တာဆိုလို့ ပွန်းပဲတာမျိုးတော့ရှိတယ်ကြားတယ်။တအားထိခိုက်တာမျိုးတော့ မရှိခဲ့ဘူး။တော်တော်လေူ ရှုပ်ယှက်ခတ်သွားတယ်။စစ်ကားတွေလည်း ရောက်လာတယ်”လို့ တာမွေ(က၊ခ)ရပ်ကွက်နေ ဒေသခံတဦးကပြောပါတယ်။

အခုလိုတိုက်ခိုက်မှုကို Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့က မဟာမိတ်အဖွဲ့သားတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ FLAအဖွဲ့ က ဆိုပါတယ်။

Freeland Attack Force (FLA)ကတော့ အခုလိုလုပ်ဆောင်တာဟာ တရားမဝင် မဲစာရင်းမှာဦးဆောင်လှုပ်ရှားနေတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ခြောက်လှန်ဖောက်ခွဲခဲ့တာဖြစ်ပြီး သနားငဲ့ညှာတဲ့အနေနဲ့ ထိခိုက်မှုနည်းပါးအောင် လုပ်ဆောင်ခဲ့တယ်လိုဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး DNAသတင်းဌာနအနေနဲ့ Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့အချို့ထံဆက်သွယ်မေးမြန်းပေမယ့် အကြောင်းပြန်ကြားတာမရှိသေးပါဘူး။

အိမ်ထောင်စုစာရင်းကောက်ခံတာကို စစ်ကောင်စီဘက်က ဇန်နဝါရီ ၇ရက်ကနေ စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်သီရဲ့အိမ်ထောင်စုစာရင်းကောက်ခံမှုတွေမှာမပါဝင်ဖို့အတွက် တော်လှန်ရေးအဖွဲ့အသီးသီးကလည်း သတိပေးစာထုတ်ပြန်တာတွေလည်းရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်း ကောက်ယူတဲ့ လုပ်ငန်းစဉ်ကို ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တအိမ်တက်ဆင်း မြေပြင် လူဦးရေ စာရင်း ကောက်ယူနိုင်ရေး အတွက် အားပေး အားမြှောက် ဆောင်ရွက်ကြတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့‌တွေ၊ လဝက အဖွဲ့တွေနဲ့ အခြား ဘယ်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ပုံစာ – တာမွေမြို့နယ်မှာတွေ့ရတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့စစ်ဆေးမှု (ပုံဟောင်း)