ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကူညီထောက်ခံဖို့ ရော်နယ်လ်ဒိုနဲ့ စာချုပ်မထားကြောင်း အယ်လ်နက်ဆာ ငြင်းဆို

ကမ္ဘာ့ဖလား အိမ်ရှင် လျှောက်ထားခွင့်အတွက် ထောက်ခံပေးရမယ်ဆိုတဲ့ အချက်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ချုပ်ဆိုတဲ့ စာချုပ်ထဲ ထည့်ထားတယ်ဆိုတဲ့ သတင်းတွေကို အယ်လ်နက်ဆာ အသင်းက ပယ်ချသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဘီးယား ကလပ်အသင်းဖြစ်တဲ့ အယ်လ်နက်ဆာနဲ့ တစ်နှစ် ယူရို သန်း ၂၀၀ တန် ၂ နှစ်စာချုပ်ကို လက်မှတ် ရေးထိုးထားပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အသင်းလိုက် အားကစားနည်း တစ်ခုအတွက် ကစားသမား တစ်ဦးကို စံချိန်တင် အမြင့်ဆုံး ပေးချေတဲ့ လုပ်ခလစာလည်း ဖြစ်လာပါတယ်။

သတင်းတွေအရ ဆော်ဒီနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်အတွက် မျှော်လင့်နေပြီး ရော်နယ်လ်ဒိုလို ပုံရိပ်ကြီးမားတဲ့ ကစားသမားရဲ့ ထောက်ခံမှုကို လိုချင်နေတာကြောင့် အခုလို မက်မောလောက်စရာ လုပ်ခလစာမျိုး ပေးချေခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ရော်နယ်လ်ဒိုရဲ့ စာချုပ်မှာကို ဆော်ဒီအတွက် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကူညီ ထောက်ခံပေးရမယ်ဆိုတဲ့ အချက် ထည့်သွင်း ချုပ်ဆိုထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ အယ်လ်နက်ဆာ အသင်းကတော့ အခုလို ထွက်ပေါ်နေတဲ့ သတင်းတွေ အားလုံးကို ငြင်းပယ်သွားခဲ့ပါတယ်။ အသင်းနဲ့ ရော်နယ်လ်ဒိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ဆိုင်ရာ အချက်အလက်တွေ ဘာတစ်ခုမှ မပါခဲ့ဘူးလို့ အယ်လ်နက်ဆာရဲ့ ပြန်ကြားရေး အဖွဲ့က ကြေညာပါတယ်။

ရော်နယ်လ်ဒို အနေနဲ့ အယ်လ်နက်ဆာ အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး အသင်းအောင်မြင်ရေး အတွက်ပဲ အာရုံစိုက်စရာ လိုတယ်လို့လည်း ကလပ်ဖက်က ဖြေရှင်းခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းပြီး အယ်လ်နက်ဆာကို ရောက်ရှိခဲ့တာပါ။ သူဟာ ဇန်နဝါရီ ၁၉ ရက်မှာ နာမည်ကြီး ပြင်သစ် ဘောလုံးကလပ် ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲမှာ ပါဝင်လာနိုင်ပြီး သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဘက်လို့ ဆိုရမယ့် လီယွန်နယ် မက်ဆီနဲ့ ထိပ်တိုက် တွေ့ဆုံမယ့် အလားအလာတွေ ရှိနေပါတယ်။