ပုသိမ်ထောင်ထဲ အကြမ်းဖက်ရိုက်နှက်ခံရတဲ့အကျဉ်းသားတွေ ကတုန်းကွက်ကြားရိတ်ကာ အမှုဖွင့်ခံရ

စစ်ကောင်စီ လုံထိမ်းတပ်ဖွဲ့ နဲ့  ထောင်စည်းကမ်း ထိန်းသိမ်းရေးတွေက အကြမ်းဖက် ရိုက်နှက်လို့ ထောင်တွင်း ဒဏ်ရာ အသီးသီး ရထားတဲ့ ဆန္ဒပြ အကျဉ်းသားတွေ ကို ပုသိမ်အကျဉ်းထောင် အာဏာပိုင် အဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ ကတုန်း ကွက်ကြားရိတ်ပြီး အမှုဖွင့်ထားတယ် လို့ အကျဉ်း​ထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

“ဆန္ဒပြတဲ့ အကျဥ်းသား (၇၂) ဦး ကို လက်ထိပ်ခတ် လက်ပြန်ကြိုးတုတ်ပြီး ရိုက်တာ၊ နိုင်ကျဉ်း ကိုဝေယံဖြိုး သေသွားတယ်၊ ကျန်တဲ့သူတွေ ဒဏ်ရာတွေ ကိုယ်စီရထားတယ်၊ အဲ့ဒီလူတွေ အားလုံးကို လူမြင်မကောင်းဘူး ကတုန်းကွက်ကြားရိတ်ပြီး ထောင်စည်းကမ်း ချိုးဖေါက်မှုနဲ့ အမှုဖွင့်တယ်”လို့ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူ တဦး က DNA ကိုပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားကိုဝင်းထွန်းနိုင် အပါအဝင် နိုင်ကျဉ်း လေးဦး ကို ထောင်ညွှန်မှုး နဲ့ ထောင်ဝန်ထမ်း တို့က ထောင်ထဲ လက်ကိုင်ဖုန်းသွင်းတယ် ဆိုကာ ဇန်နဝါရီ (၅)ရက်က တညလုံး ရိုက်နှက်နှိပ်စက် ကြတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေက ဇန်နဝါရီ (၆)ရက်မနက်ပိုင်း မှာ အကျဉ်းသား အခွင့်အရေး အတွက် ဆန္ဒပြခဲ့ကြပါတယ်။

အိပ်ဆောင်ရှိ နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်တဲ့  အကျဉ်းသား (၇၂)ဦးကို ထောင်အာဏာပိုင်အဖွဲ့ က ညှိနှိုင်း စကားပြောမယ်လို့ဆိုကာ ရာဇဝတ် အကျဉ်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ ထောင်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ခေါ်သွားပြီး မျက်နှာဖုန်းစွပ်ထားတဲ့ လုံထိမ်း တပ်ဖွဲ့နဲ့ ထောင်ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ စည်ကမ်းထိန်းသိမ်းရေး အဖွဲ့ ကရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အရိုက်ခံရတဲ့ အကျဉ်းသား (၇၂)ဦးထဲ ဆန္ဒပြရာမှာ မပါဝင်တဲ့ ရိုဟင်ဂျာ တချို့ နဲ့ အခြားပြစ်မှုအ ကျဉ်းသားတချို့ လည်း ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာန နီးစပ်တဲ့ သူတွေဆီက သိရပါတယ်။

“အကျဉ်းထောင်မှာ ယုံကြည်ရာ ဘာသာကို ဓလေ့ ထုံးစံ နဲ့ အညီ ကိုးကွယ်ခွင့်ရှိပါတယ် ၊ ထောင်အာဏာပိုင် နဲ့ လုံထိန်း ခေါင်းဆောင်က ဓလေ့ ထုံးတမ်း အရထားတဲ့ မွတ်ဆလင် ဘာသာဝင်တွေ ရဲ့ မုတ်ဆိတ်ရှည်တွေ ကို အတင်းအကြပ်ဆွဲနုတ်ပြီး ရိတ်ပစ်ကြတယ် ဘာသာ နဲ့  လူမျိုး ရဲ့ အမည်ကိုလည်း တည်ပြီး ဆဲဆိုရိုက်နှက်တယ်” လို့ဧရာဝတီ မြန်မာ မွတ်ဆလင် ကွန်ရက် အဖွဲ့ဝင် တဦး ကပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်း မှာ ထောင်ဝင်စာ လာပို့တဲ့ ကျောင်းကုန်းမြို့က နိုင်ကျဉ်းမိသားစုဝင် လူငယ် နှစ်ဦးကို ဓါတ်ပုံရိုက်တယ် ဆိုကာ ဖမ်းဆီးလိုက်သလို ဇန်နဝါရီ ၅ ရက်ညက ရိုက်နှက်ခံရပြီး ပြင်းထန်ဒဏ်ရာတွေ ရရှိထားတဲ့ နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် ရဲ့ ဇနီး မစန္ဒာအေးကိုလည်း  အရပ်ဝတ် ဝတ်ထားတဲ့ လူသုံးဦး က နေအိမ်မှာ ဇန်နဝါရီ ၇ ရက်က လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြ အကျဉ်းသားတွေ ကို ထောင်တွင်း အကြမ်းဖက်မှုကျူးလွန်ကာ နိုင်ငံရေး အကျဉ်းသား တဦး ကို ရိုက်နှက် သတ်ဖြတ်တဲ့ လူသတ်မှုကို ဦးဆောင် ကျူးလွန် သူတွေဟာ လုံထိမ်းအဖွဲ့ ခေါင်းဆောင် ၊ ထောင်ညွှန်ကြားရေး မှူး ဇော်စစ်အောင် နဲ့ ထောင်အာဏာပိုင် အဖွဲ့ ၊ ခရိုင် ရဲတပ်ဖွဲ့ က ရဲမှူး မြင့်အောင် ၊ ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ဦး တို့ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။