တိုက်ပွဲဝင် တင့်ကားတွေ ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ ဗြိတိန် စဉ်းစားနေ

ဗြိတိန် အစိုးရဟာ ယူကရိန်းအတွက် တိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးဖို့ အလေးအနက် စဉ်းစားနေကြောင်း သိရပါတယ်။

မဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် သံချပ်ကာ တိုက်ခိုက်ရေးယာဉ်နဲ့ သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို ပို့ဆောင်မယ်လို့ အသီးသီး အတည်ပြုခဲ့တဲ့နောက် ဗြိတိန်ကလည်း အဲဒီခြေလှမ်းအတိုင်း လိုက်ဖို့ စတင် စဉ်းစားလာတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဗြိတိန်နဲ့ အမေရိကန်တို့ အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ တိုက်ပွဲဝင် တင့်ကားတွေ ရရှိလိုကြောင်း တောင်းဆိုမှုကို အစဉ်တစိုက် ငြင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ နွေဦးပေါက်ချိန်မှာ ရုရှားရဲ့ အသစ်ဆင်နွှဲလာဖွယ် ရှိနေတဲ့ ထိုးစစ်ကို တုံ့ပြန်ဖို့အတွက် ပြင်သစ်ကစပြီး ယူကရိန်းကို တင့်ကားဖျက် သံချပ်ကာယာဉ်တွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဂျာမနီ၊ အမေရိကန်တို့ကပါ သံချပ်ကာကားတွေ ထပ်မံပေးပို့ဖို့ အသီးသီး အတည်ပြုလာကြပါတယ်။

ဗြိတိန်ကတော့ သံချပ်ကာ ယာဉ်တွေထက် တစ်ဆင့်တက်ပြီး ပင်မ တိုက်ပွဲဝင် တင့်ကားတွေကိုပါ ယူကရိန်းဆီ ပေးပို့ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဗြိတိန်ရဲ့ Challenger 2တွေကိုသာ ယူကရိန်းဆီ ထောက်ပံ့ပေးမယ်ဆိုရင် ယူကရိန်း အနေနဲ့ အနောက်နိုင်ငံထုတ် ဒီဇိုင်းနဲ့ နည်းပညာသုံး ပထမဆုံး တိုက်ပွဲဝင် တင့်ကားတွေကို အသုံးပြုလာနိုင်မယ့် အဓိပ္ပါယ်ပါပဲ။

ဗြိတိန် စစ်ဘက်ရဲ့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးကတော့ အစိုးရဟာ ၁၉၉၄ ခုနှစ် ကတည်းက သုံးစွဲလာတဲ့ Challenger 2 အမျိုးအစား တင့်ကားတွေထဲက ၁၀ စီးကို ယူကရိန်းဆီ လက်လွှဲပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ Challenger 2တွေဟာ ဘော့စ်နီးယားနဲ့ ဟာဇီဂိုးဗီးနား၊ ကိုဆိုဗိုနဲ့ အီရတ် စစ်မြေပြင်တွေမှာ ဗြိတိန် တပ်တွေအတွက် အမှုထမ်းပေးခဲ့ပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုသတင်းတွေအပေါ် လောလောလတ်လတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဗြိတိန်ဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန်နောက်ပိုင်း ယူကရိန်းကို သယ်ယူပို့ဆောင်ရေးယာဉ် ၂၀၀ ကျော်နဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ၊ တင့်ကားဖျက် ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်နဲ့ စစ်သုံးပစ္စည်း တော်တော်များများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။