ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်းဟာ စပိန်သား ရောဘတ်တို မာတီနက်ဇ်ကို နည်းပြချုပ်အဖြစ် တရားဝင် တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။
အသက် ၄၉ နှစ်အရွယ် မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ အခြေမလှလို့ ရာထူးက နုတ်ထွက်သွားတဲ့ ပေါ်တူဂီ နည်းပြချုပ် ဖာနန်ဒို ဆန်းတို့စ်ရဲ့ အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွကျတဲ့ အခြေအနေ တစ်ခုကတော့ မာတီနက်ဇ် ကိုင်တွယ်ခဲ့တဲ့ နာမည်ကြီး ဘယ်လ်ဂျီယမ် အသင်းက ပေါ်တူဂီထက်တောင် ကမ္ဘာ့ဖလားမှာ ရလဒ်ဆိုးခဲ့ပြီး အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရခြင်း ဖြစ်ပါတယ်။
မာတီနက်ဇ်လည်း အဲဒီ အနေအထားကြောင့်ပဲ ကမ္ဘာ့ဖလား အပြီးမှာ ဘယ်လ်ဂျီယမ်နဲ့ လမ်းခွဲခဲ့ရတာပါ။ အခုတော့ သူဟာ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ရရှိပြီး အသင်းသစ်ကို ကိုင်တွယ်ပါတော့မယ်။
ကမ္ဘာပေါ်မှာ အရည်အသွေးမြင့် ကစားသမားတွေ အပေါကြွယ်ဆုံး လက်ရွေးစင် အသင်းတစ်ခုကို ကိုင်တွယ်ခွင့် ရလာတဲ့အတွက် အရမ်း ဝမ်းသာမိတယ်လို့ ဘယ်လ်ဂျီယမ်ကို ၆ နှစ် တာဝန်ယူဖူးသူ မာတီနက်ဇ်က ပေါ်တူဂီ နည်းပြချုပ် ရာထူးအတွက် မိတ်ဆက်ပွဲ အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
သူဟာ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ပထမဆုံး တွေ့ဆုံ ဆွေးနွေးချိန် ကတည်းက စိတ်လှုပ်ရှားစရာ အားကစား ပရောဂျက်တွေက စောင့်ကြိုနေပြီဆိုတာ ခံစား နားလည်မိခဲ့ကြောင်းလည်း မာတီနက်ဇ်က ဆိုပါတယ်။
မာတီနက်ဇ်ဟာ ရွှေရောင်မျိုးဆက်လို့ တင်စားခံရပြီး ထိပ်တန်း ကစားသမားတွေ ရှိနေခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့် ရခဲ့ပေမယ့် လက်ဆုပ်လက်ကိုင် ဘာအောင်မြင်မှုမှ မရခဲ့တာကြောင့် အတော်လေး ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံစားခဲ့ရဖူးပါတယ်။