ကလေးမြို့မှာ စစ်သားတဦး ပစ်သတ်ခံရ၊ ပြည်သူတဦးလည်း သေဆုံး

ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံအနီး၊ ဒီကနေ့ ဇန်နဝါရီ (၉)ရက် မနက်ပိုင်းမှာ စစ် သားတဦးကို ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတယ်လို့ ကလေးမြို့ပြပျောက်ကျားအဖွဲ့ Operation Mo Moက ထုတ် ပြန်ပါတယ်။

“ မနက်ကိုးနာရီဝန်းကျင်လောက်ဖြစ်တာ၊ သေနတ်သံကြားတော့ အကုန်လုံးအိမ်ထဲဝင်ပြေးကြတာ” လို့ ကလေး မြို့အနောက်ပိုင်းဒေသခံတဦး ကပြောပါတယ်။

စစ်သားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့နောက် စစ်ကောင်စီဘက်ကလည်း တုံ့ပြန်ပစ်ခတ်မှုတွေရှိခဲ့ပြီး မြို့ခံ ပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလို ပြည်သူတဦး သေဆုံးတာဟာ စစ်ကောင်စီဘက်က ရမ်း သမ်းပစ်ခတ်မှုကြောင့်လို့ Operation Mo Mo အဖွဲ့ကဆိုပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

မြို့ခံတဦး သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ဟုတ်မဟုတ် DNA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။သေဆုံးသူဟာ ဦးကျော်ကျော်ဆိုသူ သမီးတယောက်ဖခင်ဖြစ်ပြီး စိတ်ရင်းကောင်းသူ တဦးလည်းဖြစ်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

တာဟန်းရပ်ကွက်မှာ လမ်းမကြီးကို ပုံမှန်ညနေ ခြောက်နာရီဝန်းကျင်မှသာ ပိတ်လေ့ရှိပေမယ့် ဒီကနေ့မှာတော့ ပစ်ခတ်မှုဖြစ်ပြီးကတည်းက လမ်းကိုပိတ်ထားလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။