စစ်တပ်စစ်ကြောင်းကို အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ထိပ်တိုက်တိုးချိန်မှာ အသေခံမိုင်းခွဲ တိုက်ခိုက်ခဲ့လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးနှစ်ဦး ကျဆုံးသွားတယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကိုအတည်ပြုပြောပါတယ်။

“တော်လှန်ရေးမှာ ဒေါ်စုစုရည်ကတော့ အစကတည်းက ထောက်ပို့အနေနဲ့တမျိုး ကင်းထောက်အနေနဲ့ရော အခု နောက်ဆုံး ကိုယ်တိုင်တိုက်ခိုက်ဖို့ရောအတွက် သူလုပ်သွားခဲ့တာပါ” လို့ သူကပြောပါတယ်။

ကောလင်းမြို့အတွင်း လှည့်လည် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ(၇)ရက်မှာ မိုင်း ထောင်ဖို့သွားတဲ့ အဲ့ဒီအမျိုးသမီး တပ်ဖွဲ့ဝင်နှစ်ဦးဟာ မင်းတဲကြီးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ် တိုက် တွေ့ပြီး စစ်တပ်က စစ်ဆေးဖို့ ဆိုင်ကယ်ရပ်တန့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ရပ်တန့်ခိုင်းချိန်မှာ အသင့်ပါလာတဲ့ မိုင်းကို ခလုပ်နှိပ်ဖောက်ခွဲကာ အသေခံ တိုက်ခိုက်ခဲ့တာကြောင့် အ သက်(၄၅)နှစ်အရွယ် ဒေါ်စုစုရည်နဲ့ အသက်နှစ်ဆယ်အရွယ် မနှင်းဆီလှိုင်တို့ ကျဆုံးသွားတာဖြစ်တယ်လို့ ကော လင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီမိုင်းဖောက်ခွဲမှုဖြစ်စဉ်အပြီး နောက်တနေ့မှာ စစ်ကောင်စီက ဒေါ်စုစုရည်ရဲ့နေအိမ်ကိုချိတ်ပိတ်ကာ ဖျက်ဆီး ပစ်ခဲ့တယ်လို့သိရပြီး မနှင်းဆီလှိုင်နဲ့ပတ်သက်လို့တော့ ကျန်ရစ်တဲ့ မိသားစုရဲ့ လုံခြုံရေးအရ အချက်အလက်တွေ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

အသေခံမိုင်းခွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးသွားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ကတော့ ထိခိုက်သေဆုံးမှုရှိတာမတွေ့ရဘူးလို့ ကောလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က DNA ကိုပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိမှာလည်း ကောလင်း-ကျောက်ပျဉ်သာနယ်အတွင်းကို စစ်ကြောင်းထိုးဝင် ရောက်နေပြီးအဲ့ဒီမိုင်းဖောက်ခွဲမှုဖြစ်စဉ်ကြောင့် ကောလင်းမြို့ထဲမှာလည်းစစ်ဆေးမှုတွေ လုပ်နေ တယ်လို့ သိရပါတယ် ။

ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို အံတုနေရဆဲအခြေအနေဖြစ်တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။