သိမ်ဇရပ် အမြှောက်တပ်က လက်နက်ကြီးရမ်းပစ်လို့ ခုနစ်နှစ်အရွယ် ကလေးငယ်နဲ့မိခင်သေဆုံး၊ခြောက်ဦး ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဇန်နဝါရီ (၇)ရက်က စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျ ရောက် ပေါက်ကွဲလို့ ရာဘာခြံလုပ်သား မိသားစုဝင်ရှစ်ဦး ထိမှန်ပြီး အသက်(၇)နှစ်အရွယ်ကလေးငယ်နဲ့ မိခင် ဖြစ်သူတို့ သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်မြို့အခြေစိုက် အမြှောက်တပ် (၃၁၀)က မြို့အနီးတဝိုက်ကျေးရွာတွေဘက်ကို ဇန်နဝါရီ (၇)ရက် ည ၇ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရှစ် ချက်ထက်မနည်း ပစ်ခတ်တာကြောင့် သိမ်ဇရပ်နဲ့ ကျိုက်ထိုမြို့နယ် အ စပ်မှာရှိတဲ့ သုံးခွကျေးရွာက ရာဘာခြံတခုထဲ လက်နက်ကြီး ကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိမ် ဇရပ်ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ရာဘာခြံအတွင်းနေထိုင်တဲ့ မိသားစုဝင်ရှစ်ဦးလုံး ထိ ခိုက်ကာ အသက်(၇)နှစ်အရွယ် ကလေးနဲ့ အဲ့ဒီကလေးရဲ့ အမေ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတို့ နှစ်ဦး ခန္ဓာ ကိုယ်အနှံ့ လက်နက်ကြီးစထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက်(၄၀)အရွယ် အမျိုးသားတဦး နဲ့ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတဦးဟာလည်း ဝမ်းဗိုက်ပွင့် ထွက်ဒဏ်ရာ၊ပေါင်မှာ လက်နက်ကြီးးစထိမှန်ဒဏ်ရာတွေရပြီး စိုးရိမ်နေရပြီး တခြား ထိခိုက်သူတွေကတော့ မစိုး ရိမ်ရပေမယ့် ကျိုက်ထိုဆေးရုံမှာ ကုသမှုခံယူနေကြရတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“အိမ်ဘေးကိုလက်နက်ကြီးကျည်နှစ်လုံးသွားကျရင်းတမိသားစုလုံးထိသွားတယ်၊ရာဘာခြစ်လုပ်သမားတွေအငှားလာလုပ်ကြတာ၊ကလေးအမေကနေရာမှာပွဲချင်းပြီးသေသွားတယ်၊ကလေးကဆေးရုံမှာကုသနေရင်းဆုံးသွားတယ်။အဖေနဲ့သမီးဒဏ်ရာပြင်းတော့သတိမရသေးဘူး၊ထိထိချင်းသိမ်ဇရပ်ဆေးရုံပို့လိုက်တာအခြေအနေမကောင်းလို့ကျိုက်ထိုဆေးရုံကိုထပ်လွဲပြီးကုသနေရတယ်”လို့ သူကပြောပါတယ်။

မွန်ပြည်နယ် သထုံခရိုင် အခြေစိုက် KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွေထဲ ပါဝင်တဲ့ မွန်ပြည်နယ် သိမ်ဇရပ် မြို့နဲ့ ကျိုက်ထိုမြို့နယ်တို့အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေမကြာမကြာ ဖြစ်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်း ရှိနေတာပါ။

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး နယ်မြေခံစစ်ကောင်စီတပ်ရင်းတွေမှာ တာဝေးပစ် လက် နက်ကြီးတွေ တိုးချဲ့တပ်ဆင်ခဲ့ပြီးနောက် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့အတွက် ဒေသခံ ထောင်ချီ တိမ်းရှောင်ကြရသလို အခုလို ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။

သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းက ဇန်နဝါရီ ၆ရက်ည၈နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးနဲ့ရမ်း သမ်းပစ် ခတ်ခဲ့လို့ ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာအသက် (၄၀)ကျော်အရွယ် အမျိုးသားတဦးနဲ့အသက် (၂၀)ကျော်အရွယ် အမျိုးသမီးငယ်တဦး လက်နဲ့ပေါင်တို့မှာထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံးပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်ကလည်း သိမ်ဇရပ် အမြှောက်တပ် (၃၁၀ )က သိမ်ဇရပ် မြို့အနီးတဝိုက်ကို လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်တာကြောင့် ကျောက်ဖျာကျေးရွာထဲကဒေသခံတွေရဲ့ နေအိမ်လေးလုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။