မဲစာရင်းကောက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ ပစ်ခတ်ခံရပြီး စစ်သားတဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က မြောကင်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့ အဖွဲ့ကိုတိုက်ခိုက်ရာမှာစစ်သား တဦးသေပြီးတဦးဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

 စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့အဖွဲ့တွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင် က မြောကင်းကျေးရွာ မူလတန်းကျောင်းအနီးမှာ  လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ)နဲ့ Guerrilla Revolution Force – DGRF (ထားဝယ်-ပကဖ) ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခဲ့တာလို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့တဲ့အပြင် AK – 47 တလက်၊ ကျည်(၂၃)တောင့်နဲ့ ကျည်ဘောက်တခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံး-ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီလက် အောက်ခံ စစ်သားနဲ့ ရဲတွေက အခင်းဖြစ်နေရာကို ရောက်လာပြီး ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ကမြောကင်းတံတားကိုလည်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ အစက တံတားကို ဘာဖြစ်လို့ ပိတ်လိုက်လဲဆိုတာ မသိဘူး၊ ပုံမှန်အတိုင်းသွားလာနေကြရင်းနဲ့ ပိတ်လိုက်တာ၊နေ့လယ်က နှစ် နာရီကျော်အထိ အဲနားမှာက ကားတွေအများကြီးပဲ ပိတ်ရပ်နေရတယ်၊ နောက်မှ သိရတာ ရွာဘက်မှာ တိုက်ပွဲဖြစ်လို့ ပြောတယ်၊အဲမှာ နှစ်နာရီကျော်အထိတော့ ပိတ်နေဆဲပဲ”လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ်အ တွင်း နိုင်ငံတဝှမ်းမှာ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးမယ်လို့ ဆိုထာစပြီး အဲ့ဒီရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတာ၊တိုက်ဆိုင်စစ်ဆေးတာတွေလုပ်မယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုကို နိုင်ငံတဝန်းမှာ ဒီကနေ့စလုပ်နေပြီး ဒီကနေ့မှာပဲ စာရင်းကောက်တဲ့အဖွဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ရှိလာတာပါ။

စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံ ဆန်ကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲအ ကြောင်းပြပြီး လူဦးရေစာရင်းတွေကောက်ယူဖို့လုပ်လာတာဟာ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုဝင်တွေနဲ့မိသားစုတွေ၊CDM ဝန်ထမ်းတွေနဲ့မိသားစုတွေကို ပစ်မှတ်ထားရှာဖွေ ဖော်ထုတ်မယ့်လှုပ်ရှားမှုတခုလည်း ဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲ့ဒီစာရင်းကောက်ယူမှုကို ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရားမဝင်ရွေးကောက်ပွဲ ဖြစ်မြောက်အောင်လုပ်ကိုင်နေတာတွေကိုလက်ပိုင်ကြည့်နေမှာမဟုတ်ဘူးလို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ် သွားလာတာ၊ မဲစာရင်းကောက်ယူမှုတွေ ဆက်လုပ်တာတွေရှိနေရင် နောက်ဆက်တွဲ ဖြစ်စဉ်တွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။