ရေးမြို့နယ်ကသတင်းရဲတပ်ဖွဲ့တာဝန်ခံပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဒီကနေ့ (ဇန်နဝါရီ ၉)ရက် မနက်ပိုင်းက သတင်းရဲတပ်ဖွဲ့ဝင် ရဲအုပ်တဦး  ပစ်ခတ်ခံရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မြို့နယ်သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်ညီညီဆိုသူဟာ ဒီကနေ့ မနက် ၆ နာရီကျော်က ဆိုင်ကယ်မောင်းနှင်လာချိန် လမိုင်းမြို့ လက်ဝှေ့ရုံ အနီးမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။

“လမိုင်းမြို့က လက်ဝှေ့ရုံအနား ဆိုင်ကယ်နဲ့အတူ လဲကျနေတာ၊နောက်ကနေ ဝင်ပစ်ခံရတာလို့ သိရတယ်” လို့ သူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ရဲအုပ်ညီညီဟာ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပြီး မနက်စာ သွားစားချိန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။

ဒါအပြင် ရဲအုပ်ပစ်ခတ်ခံရတဲ့အချိန်မှာ အနီးမှာ ရှိနေတဲ့ အသက် ၁၃ နှစ်အရွယ် ဒေသခံ မိန်းကလေးတဦးလည်း ကျည်ထိမှန်ခဲ့တာကြောင့် နယ်မြေခံလူမှုကူညီရေးအသင်းတွေက လမိုင်းတိုက်နယ်ဆေးရုံက တဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ကျည်ထိမှန်ခဲ့တဲ့ မိန်းကလေးမှာလည်း ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဖြစ်စဉ်ပွားရာနေရာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှူကို ရေးပြောက်ကျားအဖွဲ့(YGF)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲအုပ်ညီညီဟာ ရေးမြို့ နယ်အတွင်းမှာရှိတဲ့ တက်ကြွလှုပ်ရှား သူတွေ၊ CDM ဝန်ထမ်းတွေနဲ့ PDF နဲ့ ပတ်သက်ဆက်နွယ်သူတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေမှာ အဓိက တာဝန်ရှိတဲ့ သတင်းပေးသူတဦး ဖြစ်တယ်လို့ Ye Guerrilla Force (YGF)တပ်ဖွဲ့ဝင် ဗိုလ်ကျန်ရစ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့်ထုတ်ပြန်ပါတယ်။

ဒါအပြင် အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သား အမျိုးသမီးငယ်ကိုလည်း အနူးအညွတ် တောင်းပန်ကြောင်း၊ထိခိုက်မှုအတွက်တာဝန်ယူဖြေရှင်းပေးမှာဖြစ်တယ်လို့ ဗိုလ်ကျန်ရစ်ကဆိုပါတယ်။

ရဲအုပ်ညီညီကို ပစ်ခတ်ချိန်မှာ သူ့ရဲ့ဦးခေါင်းက ပေါက်ထွက်သွားတဲ့ကျည်က အရပ်သား အမျိုးသမီးကို ထပ်ဆင့်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်မှုတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။