ကော့ကရိတ်မြို့နယ်တွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ငါးဆယ်နီးပါးသေတယ်လို့ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်းမှာဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ် ဘက်က ၄၈ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ လည်း သိမ်းဆည်းရမိခဲ့တယ်လို့ Cobra စစ် ကြောင်းက မနေ့က ဇန်နဝါရီ ၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
 
ကော့ကရိတ်မြို့နယ်တဝိုက်မှာဒီဇင်ဘာ ၁၉ ရက် ကနေ ၃၁ ရက်အထိ ဆယ်ရက်ကျော်ခဲ့တဲ့တိုက်ပွဲ ကာလအတွင်းစစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်မှူး ၂ ဦး အပါအဝင် ၄၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆၁ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေဘက်က MA3 (၃)လက်၊ MA2 (စက်ကလေး) (၁)လက်၊ အပါအဝင် ကျည်ဘောက်၊လက်နက်ကြီးကျည်၊လက်ပစ်ဗုံး၊ခြေ နင်းမိုင်းစတာတွေအပြင် လက်နက်ငယ်ကျည် (၁၂၀၀)ကျော်ကိုလည်း KNLA ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပြီးစစ်ကောင်စီရဲ့ သံချပ်ကာ ကား နှစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လည်း သိရပါတယ်။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း Cobra စစ် ကြောင်းကလည်း ဒဏ်ရာရသူ (၁၀)ဦးနဲ့ ကျဆုံးသူ (၁) ဦးရှိခဲ့ပြီး ဒေါနစစ်ကြောင်းက (၄)ဦး၊ နဂါးဖြူစစ်ကြောင်းက (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ Cobra စစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ကေယ်ဘရာစစ်ကြောင်းဟာ လက်ရှိမှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်လို့ အဲ့ဒီစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောပါတယ်။
 
စစ်ကောင်စီဘက်က နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ (၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄နဲ့ တပ်မ (၁၁) က ထုတ်နုတ်အင်အားတို့ ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနဲ့ ကော့နွဲကျေးရွာဘက်ကို ဒီဇင်ဘာ ၁၉ ရက်မှာ အင်အားအလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်လာတာကြောင့် အဲ့ဒီနယ်မြေတွေမှာ လုံခြုံ ရေးရယူထားတဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
 
တိုက်ပွဲကာလ ဆယ်ရက်ကျော်အတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲက ပြည်သူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံတချို့နဲ့ ကျွဲ၊ နွား ကြက်၊ ဝက်တွေ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာတွေရှိခဲ့ပြီး ကော့နွဲကျေးရွာက နေအိမ် ၁၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
 
ကော့ကရိတ်မြို့နယ်နဲ့ အာရှလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို KNLA ပူးပေါင်းတပ်တွေဘက်က KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ကရင်ပြည်နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေရှိလာတာကြောင့် ကရင်ပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။