တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတဦးရထားနဲ့ချိတ်မိပြီးသေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ မြန်မာနိုင်ငံသားတဦး ရထားနဲ့ချိတ်မိပြီးသေဆုံးသွားတယ်လို့ အဲဒီနိုင်ငံ ရောက်မြန်မာအသိုင်းအဝိုင်းကသိရပါတယ်။ 

အဲဒီ မြန်မာနိုင်ငံသား အမျိုးသားဟာ ဇန်နဝါရီ ၈ ရက် မနက် ၆နာရီခွဲ လောက်က ဘူဆန်မြို့ကနေ ဆိုးလ်မြို့ကို သွားတဲ့ ဆဲမာအွန် ရထားနဲ့ ချိတ်မိပြီးသေဆုံးသွားတာဖြစ်ကြောင်း ကိုရီးယား သတင်းတွေမှာဖော်ပြထား တယ်လို့ သိရပါတယ်။ 

“ဘယ်လိုဖြစ်ရတယ်ဆိုတာတော့အသေးစိတ်မသိရသေးဘူး၊မြန်မာနိုင်ငံသားဖြစ်တယ်လို့ရဲကသတင်းထုတ်ထားတယ်” လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတဦးကပြောပါတယ်။ 

တောင်ကိုရီးယားရောက်မြန်မာအသိုင်းအဝိုင်းရဲ့အတည်ပြုချက်အရသေဆုံးသူဟာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ် ကနေအလုပ်လာလုပ်တဲ့အသက် ၃၂နှစ်အရွယ် ကိုဝေယံနောင်ဖြစ်တယ်လို့သိရပါတယ်။အဲဒီရထား တိုက်မှုဖြစ် စဥ် ကြောင့် ရထား လမ်းတွေနာရီဝက်နီးပါး ရပ်တန့်သွားခဲ့ရတယ်လို့ ကိုရီးယားသတင်းတွေမှာဖော်ပြ ထားပါ တယ်။ 

သေဆုံးသူဟာ ရထား သံလမ်းဘက်ကို လူတွေ မဝင်အောင်တားမြစ်ထားတဲ့ သံဇကာ ကာထားတဲ့ နေရာကိုလမ်း မှား ဝင်မိရာက ရထားနဲ့ချိတ်မိပုံရတယ်လို့ ရဲတွေက ကနဦး ကောက်ချက်ချထားပါတယ်။ ဘူဆန် ဒုန်ဘု ရဲစခန်းကရဲတွေက ရထားလမ်းက စီစီတီဗွီကတဆင့် ရထားတိုက်မှုကို စုံစမ်း စစ်ဆေးနေပြီး သေဆုံးသူဟာ ရထား လမ်း ဖောက် အလုပ်သမား မဟုတ်ဘူးလည်း ထုတ်ပြန်ထားပါတယ်။

နှစစ်သစ်ကူးအပြီး ရက်ပိုင်းအတွင်း ဖြစ်လာတဲ့ အခုမတော်တဆမှုဖြစ်စဥ်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ်အ တွင်းမြန်မာနိုင်ငံသားတဦး မတော်တဆဖြစ် သေဆုံးရတဲ့ ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်လာပါတယ်။