သူဟာ စစ်မှုထမ်း ကာလတုန်းက တာလီဘန်၂၅ ယောက်လောက်ကို သတ်ဖြတ်ခဲ့ဖူးတယ်လို့ ဗြိတိန် တော်ဝင် မင်းသားဟောင်း ဟယ်ရီက ဖွင့်ဟခဲ့ပါတယ်။
သူ့ရဲ့ အသစ်ထုတ်ဝေမယ့် အထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ Spareမှာ အဲဒီအကြောင်းကို ထည့်သွင်း ရေးသားထားတယ်လို့ ဆိုပါတယ်။ သူဟာ ဗြိတိန် စစ်တပ်မှာ အမှုထမ်းတဲ့အချိန် အာဖဂန် နစ္စတန် စစ်မြေပြင်ကို သွားရောက်ပြီး တာလီဘန်တွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။
သူက တာလီဘန် စစ်သွေးကြွ နှစ်ဒါဇင်ကျော်လောက်ကို ရှင်းလင်းပစ်ခဲ့ဖူးကြောင်း၊ ဗြိတိန် စစ်တပ်ဟာ တာလီဘန်တွေကို သာမန်လူတွေလို့ သဘောမထားဖို့ သူ့ကို သင်ကြားပေးခဲ့ကြောင်း ဟယ်ရီက ရေးသားထားပါတယ်။
Telegraph သတင်းစာဟာ စာအုပ်ရဲ့ ကောက်နုတ်ချက် စာသားတချို့ကို ရရှိခဲ့တဲ့နောက် အခုကိစ္စကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီက တာလီဘန် စစ်သွေးကြွ နှစ်ဒါဇင်ကျော်လောက်ကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ကျေနပ် ဂုဏ်ယူတာမျိုး မရှိသလို ဝမ်းနည်း ရှက်ရွံ့တာမျိုးလည်း မဖြစ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အခုလို ထုတ်ဖော် ရေးသားလိုက်ခြင်းအားဖြင့် သူနဲ့ သူ့မိသားစုဟာ အကြမ်းဖက်သမားတွေက ပိုပြီး အငြှိုးထားချင်စရာ ပစ်မှတ် ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တချို့ ဗြိတိန် စစ်သားတွေကလည်း ဟယ်ရီရဲ့ အရေးအသားဟာ တပ်ကို အပုပ်ချရာ ရောက်နေပြီး ရန်သူ ၂၅ ယောက်ကို သတ်ခဲ့တယ် ဆိုတာကလည်း ကြွားလုံးထုတ်တဲ့ လေသံမျိုး ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ဆက်ဆက်စ် နယ်စားဟောင်းဟာ ၂၀၀၇ ကနေ ၂၀၀၈ ခုနှစ်အတွင်း ဗြိတိန် စစ်တပ်ရဲ့ လေကြောင်းပစ်ကူ ပစ်မှတ်ရှာဖွေရေး ယူနစ်မှာ တာဝန်ယူခဲ့ပြီး ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ် အတွင်းမှာတော့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို မောင်းနှင်ခဲ့ပါတယ်။
Telegraphရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ ဟယ်ရီရဲ့ ကိုယ်စားလှယ်တွေကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန် မာကယ်လ်တို့ဟာ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဗြိတိန် တော်ဝင် မိသားစုကို စွန့်ခွာပြီး အမေရိကန်မှာ အခြေချ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။