တိုက်ပွဲတွေကြားကလူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါ တယ်။

ဒီကနေ့ ဇန်နဝါရီ ၆ ရက် ဆားလင်းကြီး ဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ တွေကိုမီးတင်ရှို့နေချိန်မှာပဲဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေကို မပျက်မကွက် လုပ်ခဲ့ကြပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ် ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ ချောင်းဦး၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့သလို မန္တလေးပြည်ကြီးတံခွန်၊ မကွေးတိုင်း မြိုင်မြို့မှာလည်း သပိတ်လှုပ်ရှားမူတွေရှိခဲ့ပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေး အင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိ အချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။