ပုသိမ်မှာလွတ်လပ်ရေးနေ့အလံမထောင်လို့ဆိုကာ အုပ်ချုပ်ရေးအဖွဲ့က တအိမ်ကျပ်နှစ်သောင်း ဒဏ်ရိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံတော်အလံမထောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဒဏ်ရိုက်တယ်လို့ဆိုကာ တအိမ်ကျပ်နှစ်သောင်း အတင်းအကျပ်လိုက်လံတောင်းခံနေတယ်လို့ မြို့ခံတချို့က DNA ကိုပြောပါတယ်။

 ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်မှာကျရောက်ခဲ့တဲ့ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ မှာပုသိမ်မြို့ကနေအိမ်တွေ အားလုံးကိုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကနိုင်ငံတော်အလံတွေအတင်းအကျပ် တပ်ဆင်ခိုင်းခဲ့တယ်လို့ ပုသိမ်မြို့ ခံတဦးကပြောပါတယ်။

“အလံတွေကတပ်တဲ့အိမ်လည်းရှိတယ်၊မတပ်တဲ့အိမ်လည်းရှိမှာပဲလေ၊အခုကတမင်တကာကိုလိုက်ပြီးငွေညှစ်နေသလိုဖြစ်နေတယ်”လို့ သူကပြောပါတယ်။

 နိုင်ငံတော်အလံတပ်ဆင်ထားတာမရှိတဲ့နေအိမ်တွေကိုဒီကနေ့ ဇန်နဝါရီ(၆)ရက်မနက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက တအိမ်ကို ကျပ်နှစ်သောင်း အတင်းအကျပ်ကောက်ယူနေပြီး မပေးနိုင်တဲ့နေအိမ်တွေကို စာရင်း လိုက်လံမှတ်သားတာတွေရှိနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ငွေကြေးအတင်းအကျပ်တောင်းခံနေစဥ်မှာလည်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကသတိပေးခြိမ်း​ခြောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အပြင်လက်မှတ်ထိုးခိုင်းတယ်လို့ ပုသိမ်မြို့၊မြို့မရပ်ကွက်အတွင်းနေထိုင်တဲ့ ဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။

“ငွေတောင်းတာမပြီးသေးဘူး၊နောက်တခါဆိုမရဘူးပုန်ကန်မှုတွေနဲ့တရားစွဲခံရမယ်ပါခြိမ်းခြောက်သွားတယ်၊လက်မှတ်လည်းထိုးပေးလိုက်ရတယ်၊တကယ်တမ်းက နိုင်ငံတော်အလံတွေရိုက်နှိပ်တဲ့ဆိုင်တွေကိုတရား ဝင်ရိုက်ခွင့် မပေးထားတော့ဝယ်မရဘူး၊အဲဒါကိုနားမလည်ပဲနဲ့ငွေရဖို့အတွက်ပဲအတင်းလိုက်ပြီးဒဏ်ရိုက်နေတာ၊ဘာမှကိုအရေးမပါတာတွေလိုက်လုပ်နေကြတာပါပဲ”လို့ သူကပြောပါတယ်။

ပုသိမ်မြို့မှာ လွတ်လပ်ရေးနေ့အတွက် နိုင်ငံတော်အလံမတပ်ဆင်ခဲ့လို့ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငွေကြေးအတင်းအကျပ်တောင်းခံခဲ့ရတဲ့နေအိမ်အရေအတွက် တရာနီးပါးအထိ ရှိတယ်လို့မြို့ခံတွေဆီက သိရပါတယ်။