တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သကျက်တောရွာမှာ ဒီကနေ့ ဇန်နဝါရီ ၆ရက် မနက်ပိုင်းက အရပ်ဝတ်နဲ့ ထန်းရည် လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။
သရက်တောကျေးရွာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ရွာထိပ်နားကို ထန်းရည်လာဝယ်ချိန်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုမှပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ခန္ဓာကိုယ်နဲ့ ခြေထောက်တွေမှာ ကျည်ထိမှန်ခဲ့ပြီး ဆေးရုံအရောက်မှာ တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာထိပ်က ထန်းရည်ဆိုင်ကို သွားတာ၊ သူတို့က အဲမှာ သွားဝယ်လေ့ရှိတယ်၊ဘယ်သူက သေနတ်ပစ်သွားလဲတော့ မသိဘူး၊ အဲမှာ လဲကျနေတာ၊ တော်ကြာနေမှ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သယ်သွားတာ ရဲစခန်းကို အရင်သယ်သွားတာ၊ နောက်ဆေးရုံရောက်တဲ့အချိန်မှာ တယောက်သေလို့ပဲ ကြားတယ်၊တိတိကျကျတော့အလောင်းကို မတွေ့ရတော့ မပြောနိုင်ဘူးပေါ့နော်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေက အခင်းဖြစ်နေရာကို ရောက်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ထန်းရည်ဆိုင် အနီး က နေအိမ်နှစ်လုံးနဲ့ ထန်းရည်ဆိုင်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအဝင်အထွက်တွေနဲ့ ထားဝယ်-ရှင်မော်ကားလမ်းမ တနေရာမှာလည်း ပိတ်ဆို့ထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ထားဝယ်အခြေစိုက် ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Dawei Watch သတင်းဌာနကတော့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့ဒီအနီးအနားက နေအိမ်နှစ်လုံးနဲ့ ထန်းရည်တဲ တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Dawei Watch ကဆိုပါတယ်။
ထန်းရည်လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ LLPDF က သူတို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ပစ်ခတ်မှုကြောင့် စစ်သားတဦးသေဆုံးကာ ရဲတဦးဒဏ်ရာရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့ DNA ကသီးခြား အတည်မပြုနိုင်သေးပါဘူး။