ကရင်နီဒေသမှာ တနှစ်အတွင်း တိုက်ပွဲ သုံးရာကျော်ဖြစ်ပြီး KNDF တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော် ကျဆုံး

ကရင်နီ(ကယား)ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်တနှစ်တာအတွင်း ကရင်နီတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ် တိုက် ပွဲပေါင်း (၃၄၀)ကျော်ဖြစ်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင် (၆၅)ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေး တပ်(KNDF)က ဇန်နဝါရီ ၆ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇)ဦး သေဆုံးခဲ့ပြီး (၉၃) ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သလို တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း (၁၁)ဦးကို ဖမ်းမိခဲ့ပြီး တပ်မ၆၆ အပါအဝင် နယ်မြေခံတပ်ရင်းတွေက တပ်သား (၇) ဦး CDM ပြုလုပ်ခဲ့တယ်လို့ KNDF ထုတ်ပြန်က ဆိုပါတယ်။

ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေလည်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံးခဲ့ပြီး (၆၄)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် (၆၇) လုံး၊ ဘာသာရေးအ‌ဆောက်အဦး (၄)လုံးနဲ့ စေတီ (၁) ဆူလည်း ထိခိုက်ပျက်စီးခဲ့တယ် လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က စစ်ကောင်စီတပ်နဲ့ တနှစ် အတွင်း တိုက်ပွဲတွေမှာ လက်နက်ငယ် (၃၃) လက်၊ လက်နက်ကြီး ၇ လက် နဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုနှစ်အတွင်းမှာတော့ ကရင်နီပြည်တွင်း တော်လှန်ရေးကနေ တနိုင်ငံလုံးအသွင်သဏ္တာန် ဆောင်တဲ့ တော်လှန် ရေးတစ်ရပ်ကို တက်လှမ်းနိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ကရင်နီဒေသ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်း ရှစ် သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ထုတ်ပြန်ထားပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)ကတော့ ကရင်နီပြည်မှာ နှစ်နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်း ၅၄၀ ကျော်၊ လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက် ၁၇၀ ကျော်နဲ့ နေအိမ်ပျက်စီးမှုပေါင်း ၁၂၀၀ ကျော်၊ ကရင်နီဒေသပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၈၀ ကျော်သေဆုံးပြီး စစ်ကောင်စီဘက်က ၁၆၅၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“၂၀၂၂ အတွင်းမှာတော့ ပြည်သူတွေရဲ့ထောက်ပံ့ကူညီမှုတွေနဲ့ စစ်ရေးဘက်တွေမှာ အောင်မြင်တာတွေ ရှိခဲ့တယ်၊ တော်လှန်ရေးကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုလည်း ပြည်သူတွေနဲ့အတူ ကျော် လွှား နိုင်ခဲ့တယ်”လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးကDNA ကို ပြောပါတယ်။