သီတဂူ နာယက ၁၀ ပါးစာရင်းဝင် ဆရာတော် ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်

သီတဂူဗုဒ္ဓတက္ကသိုလ်က BA.Buddhaဘွဲ့ရ သီတဂူ နာယက (၁၀) ပါးစာရင်းဝင် ဆရာတော်အရှင်ဂန္ဓသာရ ( စာချဆရာတော် မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက်) နဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ဒီပဲယင်းကွဲရွာမှာ သတ်ဖြတ်သွားတယ်လို့ စစ်ကိုင်း PDF တပ်ရင်း ၁ ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဒီပဲယင်းကွဲရွာကို ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ရွာထဲက ရွှေဂူကျောင်းတိုက်ထဲရောက်နေတဲ့ ဆရာတော်နဲ့ မခင်စုမွန်ဆိုသူ အမျိုးသမီးကို ပစ်ခတ် သတ်ဖြတ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

” ကျွန်တော်တို့ရွာက မူးမြစ်ဘေးကပါ၊ မုံရွာဖက်ကလာမယ်ဆိုရင် ညောင်ပင်ဝန်းအကျော်မြောင်နားလေးမှာပါ၊ စစ်တပ်ကဒီကနေ့မနက်မှာ ဝင်လာတယ် လူတွေအသတ်ခံထားရတယ်၊ရွာကိုရောက်နေတဲ့ ဘုန်းကြီးတပါးလည်း အသတ်ခံလိုက်ရတာဟုတ်တယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

အဲဒီဆရာတော်ဟာ မနေ့ညကမှ မန္တလေးမြို့ကနေ ဒီပဲယင်းကွဲရွာကို ခေတ္တကြွရောက်လာတာဖြစ်ပြီး အဲ့ဒီရွာအနီးက ပျူရွာလို့လူသိများတဲ့ ကြွယ်ပုံရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေက ပစ်သတ်သွားတာလို့ စစ်ကိုင်း PDF တပ်ရင်း(၁)ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီပဲယင်းကွဲရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး စစ်ကိုင်း PDF တပ်ရင်း (၁)(၈) နဲ့ ပကဖ အဖွဲ့ တွေခုခံခဲ့ပေမယ့် လက်နက်အင်အားမမျှတလို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်သူကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီက ရွာကနေအိမ် ၅၀ ကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

မနေ့က ဒီပဲယင်းကွဲရွာက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့် ပျူစောထီးတဦး သေဆုံးခဲ့တာပါ။ အဲဒီပစ်ခတ်မှုအပြီး ဒီကနေ့မှာ စစ်အုပ်စုက ဒီပဲယင်းကွဲရွာထဲဝင်လာပြီး ရမ်းသမ်းပစ်ခတ်၊လူသတ်မီးရှို့မှုတွေလုပ်နေတာလို့ သိရပါတယ်။

ဒီပဲယင်းကွဲရွာရဲ့ အရှေ့မြောက်ဘက်မှာ လယ်ကွင်း တွေသာခြားပြီးကပ်လျက်ရှိနေတဲ့ကြွယ်ပုံရွာဟာ ပျူစောထီးရွာအဖြစ် ဒေသခံတွေ သတ်မှတ်ထားကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်စွဲနေထိုင်လေ့ရှိပြီး အဲ့ဒီရွာက စစ်သားတွေနဲ့ ပျူစောထီးတွေက အနီးဝန်းကျင်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ မကြာမကြာ လုပ်လေ့ရှိပါတယ်။