ကားအငှားလိုက်ရင်း ပျောက်နေတဲ့ ရန်ကုန်က အငှားယာဥ်မောင်းသတ်ဖြတ်ခံထားရတဲ့အခြေအနေနဲ့ပြန်တွေ့

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့အငှား ယာဥ်မောင်းတဦးဟာမိသားစုနဲ့အဆက်အသွယ်ပြတ်နေရာကတရက်အကြာမှာ ကြိုးတုပ်ခံထားပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကို ပြန် တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက DNA ကို ပြောပါတယ်။

တောင်ဒဂုံမြို့နယ်၊သစ်ဆိပ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုကျော်ထွန်းဟာ ဇန်နဝါရီ ၄ ရက်မှာ ကားအ ဌား လိုက်သွားရာက အိမ်ပြန်ရောက်မလာဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာဖြစ်ပြီး မနေ့က ညပိုင်း မှာတော့ တွံတေးဘက်မှာ ရုပ်အလောင်းတွေ့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

“အိမ်ပြန်ရောက်မလာလို့ မိသားစုတွေကစိုးရိမ်ပြီး လူမှုကွန်ရက်မှာ ဖုန်းနံပါတ်တွေနဲ့ကြေညာထားတာ၊ ညက ပြန်တွေ့တော့ အသတ်ခံထားရတာ၊ ကား ကလည်း အဲ့နေရာနားမှာပဲ၊ ဘာကြောင့်သတ်သွားတာလည်းတော့မသိရသေးဘူးဗျ”လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

အငှားယာဥ်မောင်ကိုကျော်ထွန်းရဲ့ရုပ်အလောင်းဟာ လက်နဲ့ခြေထောက်တွေကိုအဝတ်တွေနဲ့ တုပ် နှောင် ထားသလို မျက်နှာနဲ့ ဦးခေါင်းတွေမှာလည်း ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိနေတယ်လို့လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ရုပ်အလောင်းကို တွံတေးမြို့နယ် ကင်းရွာနဲ့မိန်းမ စုရွာကြားလမ်းဘေးတနေရာမှာ တွေ့ခဲ့တာဖြစ်ပြီး လှိုင်သာယာဆေးရုံ ရင်ခွဲရုံကို ပို့ပေးထားတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံထားရတဲ့လက္ခဏာတွေနဲ့သေဆုံးနေတဲ့အငှားယာဥ်မောင်းကိုကျော်ထွန်း ဟာ အသက်(၃၄ )နှစ်ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့လကမှ အငှားယာဥ်မောင်းစတင်လုပ်ကိုင်သူဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူ ကပြောပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အကြာကလည်းရန်ကုန်မြို့ခံအငှားယာဥ်မောင်တဦး ကားအငှားလိုက်သွားရာက သတ်ဖြတ်ခံရပြီးကားလည်းပျောက်ဆုံးခဲ့ပါတယ်။အခုဖြစ်စဉ်မှာတော့ ကားကိုပါပြန်တွေ့ရပြီး တခြား ငွေကြေးနဲ့ပစ္စည်းပျောက်ဆုံးမှုရှိမရှိတော့မသိရသေးပါဘူး။