မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကွပ်မျက်ခံခဲ့ရတယ်လို့ သတင်းထွက်လာ

မြောက်ကိုရီးယားမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ဦး ကွပ်မျက် ခံလိုက်ရကြောင်း တောင်ကိုရီးယား လွှတ်တော် အမတ်တွေက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရီယွန်ဟိုကို သုတ်သင်စေခဲ့တယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး တောင်ကိုရီးယား အမတ်တွေက ဆိုပါတယ်။ ရီဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း အမေရိကန် သမ္မတ(ဟောင်း) ဒေါ်နယ်လ်ထရမ့်နဲ့ ကင်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာ အဓိက ညှိနှိုင်း ကူညီခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းလောက်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဗီယက်နမ်မှာ တွေ့ဆုံ ဆွေးနွေးတဲ့ ကိစ္စတစ်ခု အဆင်မပြေ ဖြစ်ခဲ့တဲ့နောက် နှစ်ဖက် ဆက်ဆံရေး အေးစက်သွားခဲ့ပါတယ်။ ရီလည်း လူမြင်ကွင်းကနေ သိသိသာသာ ပျောက်ကွယ်သွားခဲ့ပါတယ်။

အခု သီတင်းပတ်မှာတော့ ဂျပန်ထုတ် ယိုမူရီ ရှင်ဘွန်း သတင်းစာက ရီဟာ မနှစ်တုန်းက ကင်ရဲ့ အမိန့်နဲ့ ကွပ်မျက်တာ ခံလိုက်ရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကလည်း ရီတစ်ယောက် ကွပ်မျက် ခံလိုက်ရတယ်လို့ လွှတ်တော် အမတ်တွေဆီ အစီရင်ခံခဲ့ပေမယ့် ဘယ်နေရာမှာ စီရင်ခံခဲ့ရသလဲ ဆိုတာကိုတော့ အတိအကျ မသိဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယား လွှတ်တော် အမတ်တွေကတော့ ရီကို ကွပ်မျက်တယ်လို့ တိုက်ရိုက် မသုံးဘဲ ထောက်လှမ်းရေး ဌာနရဲ့ အစီရင်ခံမှုအတိုင်း သန့်စင်ဖယ်ရှား ခံလိုက်ရတယ်လို့ သုံးနှုန်းပါတယ်။ သူဟာ ဘာကြောင့် အခုလို ကံကြမ္မာမျိုး ကြုံခဲ့ရသလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရီနဲ့ ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတုန်းက မြောက်ကိုရီးယား အစိုးရ မီဒီယာမှာ နောက်ဆုံးအကြိမ် ရည်ညွှန်း ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ ခေါင်းဆောင်ကြီးကင် ကိုယ်တိုင် ဦးဆောင်နေပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ ကော်မရှင်ကနေ ထုတ်ပယ် ခံခဲ့ရတာပါ။ နောက်ထပ် လပိုင်းလောက် အကြာမှာတော့ နိုင်ငံခြားရေး ဝန်ကြီး နေရာကပါ ဖယ်ရှား ခံခဲ့ရပါတယ်။

ရီဟာ စကားအပြောအဆို ညင်သာပြီး သံတမန် အရည်အသွေး ပြည့်ဝလွန်းသူ တစ်ယောက်လို့ လူသိများပါတယ်။ သူဟာ နိုင်ငံရဲ့ နျူကလီးယား မူဝါဒဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့သူပါ။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက ထရမ့်နဲ့ ကင်တို့ စင်ကာပူနဲ့ ဗီယက်နမ်တို့မှာ တွေ့ဆုံ ဆွေးနွေးကြချိန်တွေမှာ ရီဟာ ကင်နဲ့ အနီးကပ် ရှိနေခဲ့ပါတယ်။

အရင်ကလည်း ထရမ့်နဲ့ကင် ဆွေးနွေးပွဲ ပျက်သွားတာကို အကြောင်းပြုပြီး မြောက်ကိုရီးယား အရာရှိတွေ သုတ်သင် ခံရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ တချို့က လူမြင်ကွင်းရှေ့ ပြန်ထွက်ပေါ်ခဲ့ကြပါတယ်။