ပြင်သစ် လူငယ်ခံစစ်မှူး ဘာဒီယာရှီးလ်ကို ချဲလ်ဆီး နှစ်ရှည် စာချုပ်နဲ့ ခေါ်ယူ

ချဲလ်ဆီး အသင်းဟာ မိုနာကို အသင်းရဲ့ လူငယ် ခံစစ်မှူး ဘန်နွိုက် ဘာဒီယာရှီးလ်ကို နှစ်ရှည် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဗဟိုခံစစ်သမားဟာ မိုနာကို အသင်းနဲ့အတူ ပြင်သစ် လီဂူးဝမ်း ပြိုင်ပွဲတွေမှာ ဘောလုံးရာသီ ၅ ခုကြာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၁၃၅ ပွဲထိ ကစားပေးခဲ့ပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ သွေးသစ်တစ်ဦးလို့လည်း သတ်မှတ် ခံထားရပါတယ်။

အင်္ဂလန်ကလပ် ချဲလ်ဆီးဟာ ဘာဒီယာရှီးလ်အတွက် စတာလင်ပေါင် ၃၅ သန်းလောက် ပြောင်းရွှေ့ကြေး ပေးချေခဲ့ရပြီး ၇ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သူ့အနေနဲ့ ချဲလ်ဆီးကို ပြောင်းခွင့်ရလို့ ပြောမပြတတ်အောင် ဝမ်းသာမိကြောင်း၊ အသင်းအတွက် အမြန်ဆုံး ပွဲထွက် ကစားခွင့်ရဖို့ စိတ်လှုပ်ရှားနေမိကြောင်း၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင် ကစားဖို့လည်း မစောင့်နိုင်လောက်အောင် ဖြစ်နေမိကြောင်း ပြင်သစ် လက်ရွေးစင် အသင်းအတွက် ၂ ပွဲ ကိုယ်စားပြုဖူးတဲ့ ဘာဒီယာရှီးလ်က ဆိုပါတယ်။

သူဟာ မိုနာကို အသင်းနဲ့အတူ ဥရောပအဆင့် ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာလည်း ပါဝင် ကစားခဲ့ဖူးပါတယ်။ ဘာဒီယာရှီးလ်လိုမျိုး အရည်အသွေးမြင့် လူငယ် တစ်ဦးကို စာချုပ် ခေါ်ယူနိုင်ခဲ့တဲ့အတွက် အရမ်း ပီတိ ဖြစ်မိတယ်လို့ လန်ဒန် အခြေစိုက် ကလပ်အသင်းရဲ့ ဥက္ကဋ္ဌ တော့ဒ်ဘိုလေးက ဆိုပါတယ်။

ဘာဒီယာရှီးလ်ဟာ အထူးချွန်ဆုံး လူငယ် တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင် ကျော်ကြားမှုကို တည်ဆောက်ထားနိုင်ခဲ့ကြောင်း၊ ပြီးတော့ အသက်အရွယ်နဲ့ မမျှတဲ့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ချဲလ်ဆီးရဲ့ အနာဂတ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ ယုံ​ကြည်ကြောင်း ဘိုလေးက ဆက်ပြောပါတယ်။

မန်နေဂျာ ဂရေဟမ် ပေါ့တား တာဝန်ယူ ကိုင်တွယ်နေတဲ့ ချဲလ်ဆီးဟာ အခုရာသီမှာ စွမ်းဆောင်ရည်ပိုင်းအရ ရုန်းကန်နေရသလို ခံစစ်မှာလည်း ဝက်စ်လေ ဖိုဖာနာ၊ ရီးစ်ဂျိမ်းစ်နဲ့ ဘန်ချီဝဲလ်တို့က ဒဏ်ရာ ပြဿနာတွေ ကြုံနေရပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို အရေးနိမ့်ခဲ့တဲ့နောက် ချဲလ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာထိ ကျဆင်း ရပ်တည်နေပါတယ်။