လွတ်ငြိမ်းခွင့်ရ CDM ဆရာဝန်တဦးကို စစ်ကောင်စီက ထောင်ဘူးဝမှာ ပြန်ဖမ်း


နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး မနေ့က လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ မြိတ်မြို့ဆေးရုံက CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ကို စစ်ကောင်စီက မနေ့ကပဲ မြိတ်ထောင်ဘူးဝမှာ ပြန်ဖမ်းသွားတယ်လို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက DNA ကိုပြောပါတယ်။

“သူက စကစကပေးတဲ့ လွတ်ငြိမ်းနဲ့ မြိတ်အကျဥ်းထောင်ကနေ မနေ့ကလွတ်တာပေါ့၊ အပြင်တောင် ရောက်နေပြီးမှ ထောင်ဘူးဝမှာ ပြန်ဖမ်းသွားတာ” လို့ မြိတ်မြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ဒေါက်တာမင်းထက်ပိုင်ကို လက်ရှိမှာ ဘယ်လိုပုဒ်မမျိုးနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

“ထောင်ဘက်ကလည်း မပြောသေးဘူး၊ ရုံးထုတ်မှ ဘာပုဒ်မနဲ့စွဲတယ်ဆိုတာကို သိရမှာပေါ့၊လောလောဆယ်တော့ ကျွန်တော်တို့လည်း ဘာမှမသိရသေးဘူး” လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ဒေါက်တာ မင်းထက်ပိုင်ဟာ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေရာက အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှာ ပါဝင်ခဲ့ကာ ကျန်းမာရေး ကုသမှုလိုအပ်တဲ့ လူနာတွေကို ရွေ့လျားစနစ်နဲ့ ဆေးကုသပေးနေချိန် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချထားသူတွေကို အလားတူ လွှတ်ပေးပြီးမှ ထောင်ဘူးဝမှာ ပြန်ဖမ်းတာ၊ ရက်ပိုင်းအတွင်း ပြန်ဖမ်းတာတွေ မကြာမကြာ လုပ်လေ့ရှိပါတယ်။

လူသိများထင်ရှားတဲ့ ရက်ဂေးဂီတ အဆိုတော် စောဖိုးခွားကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သူချမှတ်ခံထားရတဲ့ ထောင်ဒဏ်နှစ်နှစ်ပြည့်လို့ လွှတ်ပေးပြီးနောက် အင်းစိန်ထောင်ကအထွက်မှာ ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။